ကင်းစောင့်ရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့နံနက် ရှစ်နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ သွားရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး လက်နက်အချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များ ပူးပေါင်းအခြေချထားသော မြို့မရဲစခန်းရှေ့သွားရောက်အခြေအနေစောင့်ကြည့်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် – ADPRA ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“သူတို့ကရဲစခန်းကနေထွက်လာပြီးတော့မှ ကင်းဝပ်သွားဖို့ထွက်လာတဲ့အချိန် ထွက်ထွက်လာချင်း ရှေ့ဆုံးကသုံးယောက်ကို ကျွန်တော်တို့အရင်လက်ဦးမှုရယူပြီး ရဲစခန်းထိပ်ကနေပြီးတော့ ပစ်ခတ်နိုင်လိုက်တာပေါ့။ ရှေ့ဆုံးကထွက်လာတဲ့ သုံးယောက်ပစ်ခံရတော့ ရဲစခန်းကနေလည်း ပြန်ပစ်တာမျိုးတွေတော့ရှိတယ် ထွက်တော့ထွက်မလာဘူး” ဟုပြောသည်။

မိနစ် ၃၀ ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံး၊ တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ ကာဘိုင်နှစ်လက်သိမ်းဆည်းရမိခဲ့ကြောင်း ADPRA က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုတွင် ယင်းမာပင်ခရိုင်တပ်ရင်း – ၃၀ (ADPRA)၊ ရေဦးမြို့နယ် ပ.က.ဖ(Galaxy Force)၊ ဒီပဲယင်း ပ.က.ဖ တိုက်နယ် ၁၊ ၂၊ ၃၊ ရေဦးမြို့နယ် ပ.က.ဖ(ဖီးနစ် တပ်ခွဲ)နှင့် ရန်ကြီးအောင် (LPDF)တပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က လက်ရှိအချိန် အဆိုပါရဲစခန်းနှင့် မြို့ပေါ်နေရာအချို့တွင်သာ နယ်မြေစိုးမိုးမှုရှိနေပြီး ခံစစ်ပြင်ဆင်နေကြကြောင်း ဒေသခံတော်လှန်ရေးအဖွဲ့များ၏ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ကလည်း ဒီပဲယင်းမြို့အဝင် စစ်ကောင်စီပူးပေါင်းဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။

 

သတင်း – Dureng

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ