မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ လက်ဝတ်ရတနာဆိုင်တစ်ခု ယမန်နေ့ နံနက် ၈ နာရီခွဲခန့်က ဓားပြတိုက်ခံခဲ့ရပြီး ပြန်လည်ခုခံသည့်ဆိုင်ရှင် ရိုက်နှက်ထိုးကြိတ်ခံရသဖြင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းနှင့်ကိုက်သုံးရာခန့်အကွာ၊ ပြည်နယ်မီးသတ်ရုံးအနီးတွင်တည်ရှိသည့် Moe & Nyein လက်ဝတ်ရတနာဆိုင်ကို သေနတ်နှင့် ဓားများကိုင်ဆောင်ထားသည့် အမျိုးသားလေးဦးက ပစ္စည်းလုယူရန် ကြိုးပမ်းစဉ် ရုန်းရင်းဆန်ခတ်ခြင်းပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုင်ရှင်ဖြစ်သူက The 74 Media ကိုပြောသည်။

“ဆိုင်သန့်ရှင်းရေးလုပ်နေတဲ့အချိန်မှာပေါ့ နောက်ကနေပြီးမှသေနတ်နဲ့ထောက်ပြီးတော့ ကားသော့တောင်းတယ်။ ကျွန်တော်ကမပေးတော့ ကျွန်တော့်ကိုရိုက်နှက်တာပေါ့။ အရင်ဆုံးသေနတ်နဲ့ရိုက်တဲ့အချိန်ကတော့ သွေး မထွက်သေးဘူး ဓားနဲ့ကျွန်တော့်ခေါင်းကိုရိုက်တဲ့အချိန်မှာသွေးထွက်သွားတာ” ဟုဆိုသည်။

ဓားပြတိုက်သူများ၏ ရိုက်နှက်ခံခဲ့ရသောကြောင့် ဦးခေါင်းပြတ်ရှဒဏ်ရာနှင့် နှာခေါင်းရိုးကြိုးသည့် ဒဏ်ရာများရရှိခဲ့ပြီး လက်ရှိအချိန်ထိဆေးကုသမှုခံယူနေရကြောင်းသိရသည်။

 

ဓားပြတိုက်သူများက လက်ဝတ်ရတနာများတင်ထားသောကားသော့ကို လာရောက်လုယက်ခဲ့ခြင်းဖြစ်သော်လည်း ခုခံခဲ့သည့်ဆိုင်ရှင်ဝတ်ဆင်ထားသော ပလက်တီနမ် ဆွဲကြိုးကို ဓားပြတိုက်သူများကလုယူသွားကြောင်း ဆိုင်ရှင်ဖြစ်သူ၏ မိခင်ကပြောသည်။

“ကားသော့ရသွားတဲ့အခါ ခရောင်းကားဆိုတော့ သူတို့ကစက်မနှိုးတတ်ဘူးဖြစ်နေတဲ့အချိန်မှာ သားကြီးကလည်း အနောက်ကနေပြေးလိုက်ပြီးတော့မှ ကားထဲမှာထိုင်နေတဲ့ ဝတုတ်တုတ်နဲ့ကောင်ကို အတင်းဆွဲထိုးပြီးတော့မှ အဲဒီကောင်ကိုထုတ်ပြီးတော့မှကားထဲဝင်ပုန်းလိုက်တာ။ ဘာမှမပါဘူးဆိုပေမယ့် ဆွဲကြိုးတော့ပါသွားတယ်” ဟုဆိုသည်။

ကျူးလွန်သူအမျိုးသားလေးဦးမှာ ဆိုင်ကယ်နှစ်စီးဖြင့်ရောက်ရှိလာပြီးသေနတ်အတိုနှစ်လက်နှင့် ဓားများကိုင်ဆောင်လာပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ် ဓားပြတိုက်သူများကျကျန်ခဲ့သည့် ကျည် ၃ ထောင့်ကိုလည်း ရဲတပ်ဖွဲ့ဝင်များကယူဆောင်သွားကြောင်းသိရသည်။

The 74 Media က ရရှိထားသော ရုပ်သံမှတ်တမ်းများအရ အဆိုပါကျူးလွန်သူလေးဦးမှာ ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က ရမ်ပူရပ်ကွက်ရှိ ရွှေမင်းသမီးရွှေဆိုင်တွင် ဓားပြတိုက်သူများနှင့် တူဟန်ရှိသော်လည်း သီးခြားအတည်မပြုနိုင်ပါ။

ရွှေမင်းသမီးရွှေဆိုင်မှာ အမှတ် (၂) ရဲစခန်း အနောက်ဘက် တစ်မိုင်ပင်မကွာဝေးသော ရမ်ပူရပ်ကွက်၊ လမ်းသွယ် ၂၁ တွင် တည်ရှိပြီး သေနတ်များကိုင်ဆောင်ထားသည့် အမျိုးသား ၄ ဦးက ရွှေထည်ပစ္စည်းများကို ဓားပြတိုက်ယူဆောင်သွားခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း ဗန်းမော်မြို့၊ အရှေ့ညောင်ပင်ရပ်ရှိ အောင်သီရိရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပြီး ရွှေထည်ပစ္စည်း တစ်ပိဿခန့် လုယက်ခံခဲ့ရသည်။

 

သတင်း – Thu Ta

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ