စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဝူယန်ကျေးရွာအနီးရှိတပ်စခန်းတစ်ဝိုက်ကို ယနေ့နံနက် ၆ နာရီချိန်ခန့်မှစတင်ကာ ဘက်ဟိုးများဖြင့် ကတုတ်ကျင်းတူးနေကြောင်း သိရသည်။

ဝိုင်းမော် – ဝါးရှောင်လမ်းပေါ်ရှိ ဝူယန်ပြည်သူ့စစ်စခန်း ပတ်ပတ်လည်တွင်တူးဖော်နေကြခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် ကြိုတင်ပြင်ဆင်ကြခြင်းဖြစ်နိုင်သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“သူတို့စခန်းပတ်ပတ်လည်မှာ ကတုတ်ကျင်းပုံစံနဲ့ ဘတ်ဖိုးနဲ့တူးနေတာ၊ အဲ့မှာက ပြည်သူ့စစ်စခန်းဆိုပေမဲ့ စစ်ကောင်စီစစ်သားတွေလည်းရှိတယ်။ သူတို့လုပ်ပုံက ရန်သူဝင်လာမှာစိုးရိမ်လို့ ကြိုတင်ကာကွယ်တဲ့သဘောမျိုးပေါ့” ဟုပြောသည်။

ဝူယန်ကျေးရွာ နယ်မြေ (၂) နှင့် (၃) တို့တွင် လူတစ်ရပ်ခန့်အနက်ရှိသော ကျင်းများတူးထားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း အဆိုပါနေရာအနီးတစ်ဝိုက်တွင် လုံခြုံရေးယူထားပြီး လမ်းပေါ်တွင်လည်း ငွေကြေးကောက်ခံလေ့ရှိသော တပ်ဖွဲ့ဝင် ၂၀ ခန့်ရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဝူယန်မှာက မြေတူးထားတာနှစ်နေရာဟုတ်တယ်။ ပြည်သူ့စစ်ဂိတ်မှာက တစ်နေရာတူးထားတယ်။ အဲ့မှာက စစ်သားလည်း ၅၀ လောက်စောင့်ကြည့်နေကြတယ်။ နယ်မြေ ၂ ဘက်က တံတားအနားမှာ အများကြီးတူးထားတယ်။ ကားလမ်းပေါ်မှာက ၂၀ ယောက်လောက်ပဲရှိတော့တယ်။ သူတို့လည်း ပိုက်ဆံကောက်စားတာဟုတ်တယ်” ဟုပြောသည်။

ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၃၂၁) အပါအဝင် စစ်ကောင်စီတပ်စခန်းအချို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်မည်ကိုစိုးရိမ်သောကြောင့် စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လေ့ရှိပြီး ယခုကဲ့သို့ပြင်ဆင်လာကြခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့နည်းနည်းလေးလှုပ်တာနဲ့ကို လျှောက်ရမ်းပစ်တာတွေ၊ လုပ်ချင်တာထလုပ်တာတွေက သူတို့လုပ်နေကျအကွက်တွေပါ အခုလည်းအဲ့သဘောပါပဲ။ ဘာမှမလုပ်ရင်လည်း သူတို့ကြီးပဲ ဖေါက်ဖေါက်နေတာကရှိသေးတယ်” ဟု ပြောသည်။

ယခုရက်ပိုင်း ညအချိန်တွင် မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီတပ်စခန်းများမှဝိုင်းမော်မြို့နယ်သို့ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။

ဝိုင်းမော်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်မှစတင်ကာ KIA နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အဆိုပါစစ်ရှောင်ပြည်သူများမှာ ယခုလဆန်းပိုင်းက ရေဘေးကြုံတွေ့ခဲ့ရပြီး နေအိမ်ပျက်စီးခြင်းနှင့် ရေစီးနှင့်အတူ မျောပါသွားခြင်းတို့ကြောင့် လက်ရှိအချိန်တွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ များစွာလိုအပ်နေသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ