ဒေသခံပြည်သူများ စည်းကမ်းမဲ့စွန့်ပစ်ထားသည့်အမှိုက်များကြောင့် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်၊ လမ်းသွယ် (၁၁) တွင် အနံ့အသက်ဆိုးများထွက်နေကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမကြီးပေါ်မှ ရပ်ကွက်အတွင်းသို့ဝင်သော လမ်းသွယ်တွင် စားကြွင်းစားကျန်များနှင့် ပလပ်စတစ်အမှိုက်အများအပြား လာရောက်စွန့်ပစ်ထားကြခြင်းဖြစ်သည်ဟု လမ်းအသုံးပြုသူ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“တချို့တွေ ဆိုင်ကယ်နဲ့လာပစ်ကြတာတွေ့တယ်လေ။ နံလည်း အရမ်းနံတာဟုတ်တယ် အနံ့ပေါင်းစုံပဲ။ အဲ့လမ်းကနေကျော်ကျော်သွားရင် အနံ့ကအတော်ဆိုးတယ်။ အမှိုက်ကလည်း အစုံပါပဲ အစားအစာအကျန်တွေ၊ ပလတ်စတစ်အစုံပဲ။ တကယ်ဆိုမပစ်တာပိုကောင်းတာပေါ့။ အဲနားနေတဲ့ပတ်၀န်းကျင်တွေလည်း အနှောင့်ယှက်ဖြစ်တာပေါ့” ဟုပြောသည်။

လမ်းရှိ ခြံစည်းရိုးအုပ်တံတိုင်းတစ်လျောက်တွင် ခြင်းတောင်းများ၊ ဆာလာအိတ်များဖြင့် ထည့်ထားသောအမှိုက်များကို လာရောက်စွန့်ပစ်ထားကြခြင်းဖြစ်သည်။

အဆိုပါနေရာတွင်အမှိုက်မပစ်ရန်တားမြစ်ထားသော်လည်း လာရောက်စုပုံထားကြခြင်းဖြစ်ပြီး စည်ပင်အမှိုက်သိမ်းကားများလည်း မီးဖိုချောင်သုံးစွန့်ပစ်အမှိုက်များသာ သိမ်းဆည်းလေ့ရှိကြောင်း မြေမြင့်အုပ်ချုပ်ရေးမှူးက ပြောသည်။

“လောလောဆယ် စွန့်ပစ်အမှိုက်တွေက မီးဖိုချောင်သုံးအမှိုက်တွေမကဘူး အခုကရေကြီးတော့ အိမ်သုံးအမှိုက်တွေရော၊ ဘာတွေရော စုပြုံပြီးပစ်တဲ့အတွက်ဖြစ်သွားတာပါ။ ခါတိုင်းကတော့ အဲ့လိုမရှိပါဘူး။ အောက်ချိုင့်ကအမှိုက်တွေ ကျွန်တော်တို့ဆီလာပုံကြတာ။ အခုအခြေအနေအရ ဥပဒေအရ အရေးယူတာတို့၊ ဘာတို့မရှိတဲ့အတွက် လူတွေကဖြစ်ချင်တိုင်းဖြစ်နေတာ” ဟုပြောသည်။

ဒေသအခေါ် လီဒိုလမ်းတစ်လျှောက်ကို တစ်နေ့လျှင်နှစ်ကြိမ်နှုန်းဖြင့် အမှိုက်ကားများ လာလေ့ရှိသော်လည်း လက်ရှိအချိန်တွင် ရေကြီးရေလျှံမှုဖြစ်နေသည့်နေရာများကို ဦးစားပေးလုပ်ဆောင်နေမှုများရှိကြောင်း သူကပြောသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က ဧရာဝတီမြစ်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီးနောက် မြို့တွင်း ရပ်ကွက်အချို့ရှိ လမ်းများပေါ်တွင် အမှိုက်များစည်းကမ်းမဲ့စွန့်ပစ်ထားမှု ပိုမိုများပြားလာခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တပ်ကုန်းရပ်ကွက်၊ ဆွမ်ပရာဘွမ်လမ်းမကြီးတစ်လျောက်၊ အောင်နန်းရပ်ကွက်၊ အ.ထ.က (၂) ကျောင်းရှေ့လမ်း၊ မြို့သစ်ကြီးရပ်ကွက်ရှိ Top စက်သုံးဆီဆိုင်အနီးတို့တွင် အမှိုက်စုပုံထားသည်များကို အများဆုံးတွေ့ရကြောင်း မြို့ခံများ၏ပြောပြချက်အရ သိရသည်။

သတင်း – Dureng
ပုံ – မြစ်ကြီးနားမြို့ နေရာအချို့တွင် ယခုရက်ပိုင်းတွေ့ရှိရသည့် စဉ်းကမ်းမဲ့စွန့်ပစ်အမှိုက်များ

သင့်ထင်မြင်ချက်ရေးပေးပါ