နေအိမ်များ ရေစီးနှင့်အတူမျောပါသွားသည့် ဝိုင်းမော်မြို့နယ်၊ တဲဝိုင်ကျေးရွာမှ ဒေသခံပြည်သူများ လက်ရှိအချိန်ထိ နေရာထိုင်ခင်းအတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

မိုးရာသီဖြစ်သောကြောင့် အခြားနေရာသို့သွားရောက် အလုပ်သွားရောက်လုပ်ကိုင်ရန် အခက်အခဲများရှိနေပြီး နေအိမ်ပြန်လည်ဆောက်လုပ်နိုင်ခြင်းမရှိသေးကြောင်း တဲဝိုင်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တချို့က ရေထဲကိုပါသွားတယ်။ တချို့က ရေထဲမပါသွားရင်လည်း ပြန်နေလို့မရတော့ဘူး။ ပျက်စီးသွားတယ်။ ပစ္စည်းတွေလည်းအားလုံးရေထဲမျောပါသွားတယ်။ အဓိကအခက်အခဲက နေစရာအိမ်။ ပြီးရင်အစားအသောက် တော်တော်လေးလိုအပ်နေတယ်။ အခုက မိုးရာသီဆိုတော့ဘာအလုပ်လည်း လုပ်လို့မရဆိုတော့ နေအိမ်မရှိတော့တာတစ်ဖက် ပြီးရင်သွားလာလို့လည်းအဆင်မပြေဖြစ်နေတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က မေခမြစ်ကြီးလာကာ ရေအိမ် ၂၀ ခန့် ရေစီးနှင့်အတူမျောပါပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသမှာ ရေဘေးဒဏ်ခံရပြီးနောက် ဒေသခံပြည်သူအများပိုင်းက ရာသီတုပ်ကွေးအဖြစ်များနေကာ ဆေးရုံ၊ ဆေးခန်းမရှိသောကြောင့် အခက်အခဲရှိကြောင်း သူကဆက်ပြောသည်။

“ရေကြီးတဲ့နောက်ပိုင်း တစ်ပါတ်လောက်မှာ တစ်ယောက်ပြီးတစ်ယောက်ဖျားလာတာ အားလုံးနီးပါး ဖျားနာနေကြတယ်။ အများပိုင်းက ကိုက်ခဲ၊ အဖျားတက်အဲ့လိုဖြစ်နေတော့ တုတ်ကွေးဖြစ်ဖို့များတယ်။ ဒီမှာကဆေးခန်းလည်းမရှိဘူး၊ ငှက်ဖျားစစ်ပေးတာတစ်ခုပဲရှိတယ်။ မြို့ကိုသွားဖို့လည်း သွားလာဖို့က အရမ်းခက်ခဲနေတယ်” ဟုပြောသည်။

တဲဝိုင်ကျေးရွာသည် စစ်ကောင်စီလက်အောက်ခံ လဆန်အောင်ဝါပြည်သူ့စစ်နယ်မြေမှ လမ်းအဆုံးတွင်ရှိသောရွာဖြစ်ပြီး ဗလမင်းထင်တံတားမှ သုံးနာရီခန့်ကြာသွားရကာ လမ်းနောက်ဆုံးတရေချောင်းငါးခုကိုဖြတ်ရသဖြင့် မိုးရာသီ ချောင်းရေတိုးချိန် ဖြတ်သန်းသွားလာရ အလွန်ခက်ကြောင်း သိရသည်။

တဲဝိုင်ကျေးရွာအနီးရှိ ခမ်းဘူကျေးရွာနှင့်မလိယာန်ကျေးရွာတွင်လည်း ရေဘေးဒုက္ခကြုံခဲ့ရပြီး နေအိမ်မျောပါမှုများရှိသည်ဟု ခမ်းဘူကျေးရွာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီဘက်ကလိုင်းလည်းမကောင်း လမ်းလည်းမကောင်းတော့ တော်တော်လေးခက်ခဲနေတယ်။ အဓိက အစားအစာနှင့် နေအိမ်တွေပြန်ဆောက်နေဖို့ခက်ခဲတာပေါ့။ တစ်ရွာနဲ့တစ်ရွာသွားဖို့တောင်မလွယ်ဘူး။ မိုးရွာပြီဆိုရင်သွားလို့မရတော့ဘူး” ဟုပြောသည်။

အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများက လက်ရှိအချိန်တွင် ကျန်ရှိနေအိမ်များနှင့် တောင်ယာများတွင် ယာယီမိုးကာတဲများဆောက်လုပ်ကာ နေထိုင်နေကြခြင်းဖြစ်သည်။

တဲဝိုင်ကျေးရွာသည် ရွှေမှော်စည်ကားရာမှစတင်တည်ရှိလာခြင်းဖြစ်ပြီး ၁၀ နှစ်ခန့်ရှိပြီဖြစ်ကာ အိမ်ထောင်စု ၅၀ ခန့်နေထိုင်သည်။

သတင်း – Doi Awng
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ