ဝိုင်းမော်မြို့နယ်မှ သိက္ခာတော်ရဆရာတစ်ဦးကို စစ်ကောင်စီနှင့်ပြည်သူ့စစ်ပူးပေါင်းတပ်က ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် လာရောက်ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

ဝူယန်ပြည်သူ့စစ်ဂိတ်အနီးတွင်နေထိုင်သည့် နှစ်ခြင်းအသင်းတော်ဘာသာရေးဆရာတစ်ဦးကို ပြည်သူ့စစ်တပ်ဖွဲ့ဝင် လေးဦးက နေအိမ်မှလာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူ့အိမ်ကပဲလာဖမ်းသွားတယ်။ အဲ့စခန်းနဲ့သူ့အိမ်က အနီးကပ်ဆိုတော့။ ကျွန်တော်တို့ထင်တာကို ပြောရမယ်ဆိုရင် မနေ့ကလမ်းဘေးမှာဘက်ဟိုးနဲ့ ကတုတ်တူးနေတာလည်းပါတယ်။ ပြီးရင် ရွာမဘက် ကချင်ရပ်ကွက်ဘက်လာတဲ့လမ်းမှာတူးနေတဲ့ဓာတ်ပုံကြောင့်လို့ထင်နေတယ်။ တခြားဘာကြောင့်ဆိုတာတော့မပြောတတ်သေးဘူး။ သူ့အကောင့်မှာ ဓာတ်ပုံတင်တာတော့မရှိဘူး။ သူဓာတ်ပုံရိုက်တာလား မရိုက်တာလားလည်း မပြောတတ်ဘူး” ဟုပြောသည်။

မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ကို မသိရသော်လည်း သေနတ်ကိုင်ဆောင်ထားပြီး စစ်ယူနီဖောင်းဝတ်ဆင်ထားသူလေးဦးက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ဖမ်းဆီးခံရသည့် အသက် ၅၇ နှစ်ခန့်အရွယ်ရှိ သိက္ခာတော်ရ ဆရာ မဒိန်ခေါ်ဘောမ်သည် ဝူယန်ကျေးရွာရှိ ခါနန်နှစ်ခြင်းအသင်းတော်မှ အမှုတော်ဆောင်တစ်ဦးဖြစ်ပြီး ဝိုင်းမော် KBC ဇုံနယ်ခေါင်းဆောင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

သိက္ခာတော်ရ ဆရာ မဒိန်ခေါ်ဘောမ်ကို လက်ရှိအချိန် မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း ဝိုင်းမော်ဒေသခံ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“ပြည်သူ့စစ်စခန်းကို ခေါ်သွားတယ်လို့သိရတယ်။ မနေ့ညအထိတော့ ဘယ်နေရာမှာရောက်နေတာလဲ မသိသေးဘူး။ မနေ့ညမှ သတင်းအတိအကျကြားရတယ် ဖမ်းသွားတဲ့အကြောင်းကိုပေါ့။ အခုတော့ သက်ဆိုင်ရာတွေကို အကြောင်းကြားထားတယ်။ PCG တို့၊ အုပ်ချုပ်ရေးပိုင်းတွေကို စုံစမ်းခိုင်းထားတဲ့သဘောဟုတ်တယ်” ဟုပြောသည်။

ယမန်နေ့တွင် ဝူယန်ပြည်သူ့စစ်စခန်းအနီးရှိ နယ်မြေ (၂) နှင့် (၃) တို့တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့က ဘက်ဟိုးဖြင့် ကတုတ်ကျင်းများတူးနေပြီး အဆိုပါနေရာအနီးတစ်ဝိုက်တွင် လုံခြုံရေးယူထားကြောင်း သိရသည်။

လက်ရှိအချိန် အဆိုပါဝူယန်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူတို့၏နေအိမ်များတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဝင်ရောက်တပ်စွဲနေထိုင်နေကြပြီး ဒေသခံပြည်သူများကိုလည်း နေအိမ်သို့ပြန်လာနေထိုင်ခြင်းမပြုလုပ်ရန် ပြောဆိုမှုများရှိသည်ဟု ဒေသခံများက ပြောသည်။

KIA ပူးပေါင်းတပ်က ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သွားရောက်တိုက်ခိုက်ခဲ့သည့် ပြီးခဲ့သည့် မေလမှစတင်ကာ စစ်ရေးတင်းမာသောဒေသဖြစ်ခဲ့သောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။

သတင်း – Sin Li
ပုံ  – ဖမ်းဆီးခံထားရသည့် သိက္ခာတော်ရ ဆရာ မဒိန်ခေါ်ဘောမ်

သင့်ထင်မြင်ချက်ရေးပေးပါ