ကိုးကန့် (MNDAA) ထိန်းချုပ်နယ်မြေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ကို ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၆ ဦးထက်မနည်းရှိကြောင်း သိရသည်။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သိန္ဒီမြို့မဈေးတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူများရှိသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ညနေပိုင်းဈေးတွေသိမ်းနေတဲ့အချိန်မှာလာကြဲတော့ ဈေးကသူတွေနဲ့ အနီးပတ်ဝန်းကျင်ကလူတွေလည်း ထိသွားတာပေါ့။ ဈေးတည့်တည့်မှာကိုလာကျတော့ တချို့အလောင်းတွေက အစစဖြစ်ကုန်တာမျိုးနဲ့ ခြေထောင့်ပဲကျန်တော့တာမျိုးတွေထိဖြစ်ကုန်တာ” ဟုပြောသည်။

သေဆုံးသူ ၆ ဦးထက်မနည်းရှိပြီး ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိကာ အခြေအနေစိုးရိမ်ရသည့်လူနာများလည်း ပါဝင်ကြောင်း သိရသည်။

ပြင်းထန်ဒဏ်ရာရရှိခဲ့သူကို အရေးပေါ်စောင့်ကြည့်နေရဆဲဖြစ်ပြီး ကျန်ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ ဆေးကုသမှုခံယူပြီးဖြစ်ကြောင်း အမည်မဖော်လိုသည့် ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“အသေးစိတ်အချက်တော့မသိရသေးပေမဲ့ တစ်ယောက်ကတော့ ပြင်းပြင်းထန်ထန်ကိုဖြစ်နေတယ် အခုချိန်ထိ အရေးပေါ်စောင့်ကြည့်နေရတဲ့အခြေအနေပါ။ အခုထိခိုက်သေဆုံးကြတဲ့ထဲမှာ အကုန်လုံးက ပြည်သူတွေပါပဲ၊ သူတို့လာကြဲတဲ့နေ ရာကလည်း ဈေးလေ ဈေးဆိုတော့ ပြည်သူတွေရှိတဲ့အရပ်ပဲလေ” ဟု ပြောသည်။

လက်ရှိအချိန် သိန္နီမြို့တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ခံထားရသောကြောင့် သေဆုံးသူများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

ယမန်နေ့ညနေက စစ်ကောင်စီတပ်၏ Y12 လေယာဉ်တစ်စီး လှည့်ပတ်ပြီးနောက် ဂျက်ဖိုင်တာတစ်စီးဖြင့် သိန္နီမြို့စျေးနှင့် အေးရှားဝေါ်လ်တိုးဂိတ်တို့တွင် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

MNDAA နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်နေစဉ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ပြီး ၄ ရက်ကြာအပစ်ခတ်ရပ်စဲရန် MNDAA က စာထုတ်ပြန်ခဲ့ပြီးနောက်တွင်လည်း လေကြောင်းတိုက်ခိုက်မှုဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။

၄ ရက်ကြာအပစ်ခတ်ရပ်စဲရေးကို ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကစတင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် MNDAA ထိန်းချူပ်နယ်မြေအတွင်း လေကြောင်းနှင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်နှင့် ကားများလည်းထိခိုက်ပျက်စီးခဲ့သည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ