ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးတွင် ဖုန်း၊ မိုဘိုင်းအင်တာနက်နှင့် ဖိုင်ဘာအင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ ၂၄ နာရီကျော်ကြာမြင့်လာပြီး ကွန်ရက်လိုင်းပြင်ဆင်နေသောကြောင့် ပြတ်တောက်နေခြင်းဖြစ်ကြောင်း ဖုန်းအော်ပရေတာအချို့ထံမှသိရသည်။

စစ်တပ်ပိုင် MEC နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပိုင်ဆိုင်သည့် Mytel အပါအဝင် ATOM (Telenor)၊ Ooredoo၊  MPT ဖုန်းလိုင်းအားလုံးနှင့် ဖိုင်ဘာဝိုင်ဖိုင်အင်တာနက်လိုင်းများအားလုံး ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်မှစတင်ကာ ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

ဖုန်းလိုင်းပြတ်တောက်ရသည့် အကြောင်းအရင်းကို သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာအော်ပရေတာများကို ဆက်သွယ်မေးမြန်းခဲ့ရာ ကွန်ရက်လိုင်းများ ပြင်ဆင်နေသောကြောင့် ပြတ်တောက်ရခြင်းဖြစ်ကြောင်းနှင့် စောင့်ဆိုင်းပြီးအသုံးပြုပေးရန်သာ ပြန်လည်ဖြေကြားခဲ့သည်။

ဖုန်းလိုင်းပြတ်တောက်နေသောကြောင့် MPT ၏ တရားဝင်လူမှုကွန်ယက်စာမျက်နှာသို့ ဆက်သွယ်မေးမြန်းရာ “အဆင်မပြေမှုဖြစ်သွားတဲ့အတွက် MPT မှ အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ။ Network လိုင်းအဆင်မပြေမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာနမှအမြန်ဆုံးပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ပေးနေသောကြောင့် စောင့်ဆိုင်းပေးပါခင်ဗျာ။ အချိန်အတိအကျအား ပြောပြပေး၍ မရသောကြောင့် ကျေးဇူးပြုပြီးစောင့်ဆိုင်းပေးပါခင်ဗျာ။” ဟုပြောသည်။

ဆေးရုံတွင်တက်ရောက်ဆေးကုသမှုခံယူနေရသည့် လူနာရှိသဖြင့် မိသားစုဝင်များနှင့် အဆက်အသွယ်မရသောကြောင့် စိုးရိမ်ပူပန်နေရသည်ဟု ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်နေသည့် ပူတာအိုဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ညီမကို ဆေးရုံတင်ထားရတာမို့လို့ လတောင်မကုန်သေးဘူး။ သူဌေးမကနေ ပိုက်ဆံကြိုထုတ်ပြီး အိမ်ကိုလွဲပေးမလို့။ လိုင်းတွေအကုန်ပြတ်သွားတော့ ဘယ်သူ့ကိုဘယ်လိုဆက်သွယ်ပြီး ဘယ်လိုလွဲပေးရမလဲ မသိဘူးဖြစ်နေတယ်။ ဆေးရုံတက်တဲ့သူလည်း သက်သာလား၊ မသက်သာဘူးလား ဘယ်လိုလဲဆိုတာတောင် မသိရဘူး။ အရမ်းစိတ်ပူနေတယ်” ဟုဆိုသည်။

ဇူလိုင်လဒုတိယအပတ်မှစတင်ကာ ဝိုင်းမော်နှင့် ဗန်းမော်အနီးတစ်ဝိုက်တို့တွင် ပစ်ခတ်သံများပြန်လည် ထွက်ပေါ်ခဲ့ပြီး ဝိုင်းမော်ြမို့ရှိ ခ.လ.ရ (၅၈) နှင့် ဝူယန်ပြည်သူ့စစ်စခန်းအနီးတို့တွင် ဘက်ဟိုးဖြင့် ကျင်းများတူးဖော်ခဲ့သောကြောင့် အခြားဒေသများသို့ရောက်ရှိနေသူများက မိသားစုဝင်များကို စိုးရိမ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။

စစ်ကောင်စီဌာနဆိုင်ရာရုံးအချို့အနီးတွင် ယနေ့ နံနက်ပိုင်းက MPT ဖုန်းလိုင်းရရှိနေကြောင်းသိရသည်။

မြစ်ကြီးနားမြို့အတွင်း စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်နေသည်ဟု လူမှုကွန်ရက်စာမျက်နှာအချို့တွင် ရေးသားဖော်ပြထားသည်ကိုတွေ့ရသော်လည်း ယမန်နေ့ညက မြို့အတွင်း လက်နက်ကြီးပစ်ခတ်သံကြားရခြင်း မရှိကြောင်း The 74 Media က အတည်ပြုချက်အချို့ရရှိထားသည်။

မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဖုန်းလိုင်းနှင့် ဖိုင်ဘာအင်တာနက်လိုင်းအချို့ ပြန်လည်ရရှိခဲ့သော်လည်း ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ လိုင်းများအားလုံး ပြန်လည်ပြတ်တောက်သွားခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ပြတ်တောက်နေသည်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်တပ်အာဏာသိမ်းကာလ ၂၀၂၁ မှ ၂၀၂၃ နှစ်ကုန်အထိ မြန်မာနိုင်ငံအတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖျက်တောက်ခံရမှု ၂၄၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ၃၃ ရာခိုင်နှုန်းခန့်မှာ စစ်ကိုင်းတိုင်းက ကြုံတွေ့ခဲ့ရကာ ကချင်ပြည်နယ်မှာ ဒုတိယအများဆုံးဖြစ်ကြောင်း Myanmar Internet Project က ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

သတင်း – Thu Ta

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ