ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်ခဲ့သည့် သုံးပတ်သာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့် တိုက်ပွဲအတွင်းထိခိုက်သေဆုံးသူ ၁၄၀ ကျော်ရှိခဲ့ကြောင်း သျှမ်းလူငယ်အရပ်ဘက်အဖွဲ့အစည်းများက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်အထိ သုံးပတ်အတွင်း အရပ်သားပြည်သူ ၁၄၁ ဦး သေဆုံးခဲ့ပြီး ၁၀၀ ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကာ အစုလိုက်အပြုံလိုက်သေဆုံးမှုများလည်း ပါဝင်နေကြောင်း သိရသည်။

သေဆုံးခဲ့သူ ၁၄၁ ဦးတွင် ကျား၊ မ မည်မျှပါဝင်သည်ကို ထုတ်ပြန်ချက်တွင်ဖော်ပြထားခြင်းမရှိပါ။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမစတင်မှီ မေလနောက်ဆုံးပတ်မှစတင်ကာ စစ်ကောင်စီတပ်က နောင်ချိုမြို့နှင့် ကျောက်မဲမြို့တို့တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် ဒေသခံပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး အရပ်သားအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု နေ့စဉ်နှင့်အမျှပိုမိုများပြားလာကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိတွေ့တိုက်ပွဲများကြောင့် တိမ်းရှောင်နေသည့် ကျောက်မဲမြို့ခံ ၃၀၀၀ ခန့် နေထိုင်သော စစ်ရှောင်စခန်းအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်စွဲထားပြီး ပြည်သူများကို ထွက်ခွာခွင့်မပေးဘဲ လူသားဒိုင်းကားပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် လားရှိုး – မန္တလေးလမ်းမပေါ်ရှိ ပန်ပေါင်းကျေးရွာနှင့် ဇောတိကုန်းကျေးရွာတို့တွင်လည်း ရွာအဝင်အထွက်လမ်းများကို ပိတ်ထားသောကြောင့် ပြည်သူများပိတ်မိနေကြောင်း သိရသည်။

MNDAA တပ်ဖွဲ့ဝင်များကလည်း ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့မှစတင်ကာ လားရှိုးမြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ချိန် လူငယ်အမျိုးသား ခြောက်ဦးကို တပ်သားစုဆောင်းခဲ့ကြောင်းနှင့် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် ပြည်သူ ၅၀၀ ထက်မနည်း တပ်သားစုဆောင်းခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် MNDAA က သိမ်းပိုက်ထားသောနယ်မြေများသို့ ဒေသခံပြည်သူများကို ပြန်လာရန်နှင့် ပြန်လာခြင်းမရှိပါက နေအိမ်သိမ်းယူမည်ဟုခြိမ်းခြောက်မှုများပြုလုပ်ခဲ့ပြီး မော်တော်ယာဉ်များကိုလည်း သိမ်းယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင်လည်း ရှမ်းမြောက်တွင် နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့မှစတင်ကာ လေးရက်ကြာအပစ်အခတ်ရပ်စဲရေး MNDAA စာထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

 

သတင်း – Dureng
ဓာတ်ပုံ – PSLF/TNLA News

သင့်ထင်မြင်ချက်ရေးပေးပါ