ခြောက်လသက်တမ်းတိုးထားသည့် အရေးပေါ်ကာလသက်တမ်းကုန်ဆုံးရန် ၉ ရက်အလိုတွင် ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံလွှဲအပ်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းမီဒီယာများမှတစ်ဆင့် ယနေ့ညတွင် သတင်းထုတ်ပြန်ခဲ့သည်။
ဆေးခွင့်ဖြင့်ကုသမှုခံယူနေရသောကြောင့် ကျန်းမာရေးအခြေအနေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို တာဝန်လစ်ဟင်းနေစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ လွှဲအပ်ခြင်းကို ယမန်နေ့နံနက်က လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးမကောင်းသောကြောင့် နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများ မပြုလုပ်နိုင်သဖြင့် ဆေးကုသမှုခံယူနေရကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် သုံးရက်မြောက်နေ့တွင် ကောင်စီကဥက္ကဋ္ဌထံ တာဝန်လွှဲအပ်ခဲ့ခြင်းဖြစ်သည်။

ဒု – သမ္မတ ဦးဟင်နရီဗန်ထီးယူကိုလည်း ယခုနှစ် ဧပြီ ၂၂ ရက်နေ့တွင် ကျန်းမာရေးအရ အနားယူခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီ၏ သတင်းမီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက အရေးပေါ်ကာလကို ခြောက်လသက်တမ်း ငါးကြိမ်မြောက်အထိတိုးခဲ့ပြီး ယခုလ ဇူလိုင်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ