ပတ်ကင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ယနေ့ နံနက် ခြောက်နာရီခွဲခန့်က ယင်းမာပင်မြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

မုံရွာ-ပုသိမ်လမ်းတွင် တပ်စွဲထားသောစစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်ခြောက်ဦး ပတ်ကင်းထွက်လာချိန် အုံတုံပင်ကျေးရွာနှင့် ကျေးစာကျကျေးရွာကြား စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးခဲ့သည်ဟု Black Shadow PDF ပြန်ကြားရေးတာ၀န်ခံကိုမျိုးက The 74 Media ကိုပြောသည်။

“သူတို့လာမှာကို ကြိုတင်သတင်းရလို့ စောင့်ကြိုတိုက်ခိုက်တာဟုတ်ပါတယ်။ အချိန်သိပ်မရဘူး တစ်ဖက်မှာလည်း ရန်သူကလမ်းလျှောက်လာရင်တောင် မိနစ် ၂၀ ဆိုရောက်တယ်။ အချိန်ထပ်ရရင် ခြောက်ယောက်လုံးသေနိုင်တယ် ဒဏ်ရာရတဲ့တစ်ယောက်က သေမလား၊ ရှင်မလားဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး” ဟုပြောသည်။

ထိတွေ့တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်၏ MI 35 တစ်စီးရောက်ရှိလာသောကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း သူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ MA-11 အမျိုးအစား ရိုင်ဖယ်သုံးလက်သိမ်းဆည်းရမိကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

စစ်ဆင်ရေးတွင် ယင်းမာပင်ခရိုင်တပ်ရင်း အမှတ် – ၃၀(ADPRA) တပ်ခွဲ – ၂ (Black Shadow PDF)၊ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာတပ်ဖွဲ့၊ မဟူရာဒေါင်းမင်းတပ်ဖွဲ့၊ CDRFနှင့် Black Eagle တပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မုံရွာ – ပုသိမ်းလမ်းပိုင်းတွင် လုံးခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

သတင်း – Dureng
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ