စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန်ဟုဆိုကာ ပြန်လည်ဖမ်းဆီးထိန်းသိမ်းခဲ့သည့် သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန် ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားအကျဉ်းထောင်ရှိ ဧည့်ရိပ်သာတွင် သုံးလကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် နေအိမ်သို့ပြန်လည်ရောက်ရှိနေပြီဖြစ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“ဘာတစ်ခွန်းမှမပြောဘူး လွတ်ပြီဆိုတာပဲပြောပြီးလွတ်လိုက်တာမနေ့က။ ထောင်ထွက်ဖို့အတွက် လက်မှတ်လည်း ဧပြီလ ၁၇ ရက်နေ့မှာပေးထားပြီးသား။ အခုက မလိုတော့ဘူးဆိုတဲ့ သဘောမျိုးပေါ့ ပြန်လွတ်လိုက်ပြီပေါ့” ဟုဆိုသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားအကျဉ်းထောင်တွင် တစ်နှစ်နှင့်လေးလအကြာ ဖမ်းဆီးထောင်ချခဲ့ပြီးနောက် ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့က ပြန်လွတ်ပေးခဲ့သော်လည်း ငြိမ်းချမ်းရေးအတွက်ဆွေးနွေးရန်ဟုဆိုကာ စစ်ကောင်စီက ညတွင်းချင်းပြန်လည် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးရန်အကြောင်းပြကာ ပြန်လည်ဖမ်းဆီးထားခဲ့သည့် သုံးလကျော်အတွင်း တစ်စုံတစ်ရာမေးမြန်း၊ ဆွေးနွေးခြင်းမရှိဘဲ မြစ်ကြီးနားအကျဉ်းထောင် ဧည့်ရိပ်သာတွင်နေထိုင်ခိုင်းခဲ့ခြင်းဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းဆီးခံခဲ့ရစဉ်က မတရားအသင်းနှင့်ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) တို့ဖြင့်တရားစွဲဆိုကာ ထောင်ဒဏ် ၆ ချမှတ်ခဲ့သည်။

သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ အတွင်‌ရေးမှူး အဖြစ် ရှစ်နှစ်၊ ဥက္ကဋ္ဌအဖြစ် လေးနှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖမ်းဆီးခံရချိန်တွင်အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

 

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ