ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ စစ်ကောင်စီ ဒု-ဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအဆင့်ရှိသူများအပါအဝင် တပ်ဖွဲ့ဝင် ၃၀၀ ကျော် MNDAA တပ်ထံ လက်နက်ချအညံ့ခံခဲ့ကြောင်း ယနေ့ညနေတွင် ရုပ်သံဖိုင်နှင့်တကွ သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦးနှင့် ဗိုလ်ကြီး ၅ ဦးအပါအဝင် တပ်ဖွဲ့ဝင်စုစုပေါင်း ၃၁၇ ဦးက ကိုးကန့် (MNDAA) ထံ ဇူလိုင်လ ၂၁ ရက်နေ့တွင် လက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရသည်။

လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မည်သည့်တပ်ရင်းတပ်ဖွဲ့မှဖြစ်သည်ကို အသေးစိတ် ဖော်ပြထားခြင်းမရှိသော်လည်း လားရှို့မြို့အနီးတစ်ဝိုက်တွင်တပ်စွဲထားသည့် တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာတာဝန်ရှိသူများက MNDAA တပ်ဖွဲ့၏ ဆုလာဘ်မူဝါဒများကို ရှင်းပြကာ ထိခိုက်ဒဏ်ရာရရှိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဆေးကုသမှုပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဝါဒဖြန့်ခြင်းအပါအဝင် အခြားနည်းလမ်းများဖြင့် စစ်ကောင်စီတပ်ရှိ စစ်သည်များကို လက်နက်ချအလင်းဝင်ရန် စည်းရုံးနိုင်ပါက ဆုကြေးငွေများထပ်မံချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ပါရှိသည်။

အလင်းဝင်လာသူများအနေဖြင့် စစ်ကောင်စီ၏လက်နက်ကြီး၊ တင့်ကားနှင့် လေယာဉ်များကို ဖျက်ဆီးနိုင်သည့် လက်နက်များယူဆောင်လာပါက ကျပ်သိန်းတစ်သောင်းအထိ ချီးမြှင့်မည်ဖြစ်ကြောင်း MNDAA က ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုန်ပြန်ကြေညာခဲ့သည်။

လားရှိုးမြို့တွင် စစ်ကောင်စီတပ်နှင့် MNDAA ပူးပေါင်းတပ်တို့အကြား လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်လျက်ရှိပြီး အရပ်သားထိခိုက်သေဆုံမှု၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်နှင့် ကားများလည်း ထိခိုက်ပျက်စီးလျက်ရှိကြောင်း သိရသည်။

 

သတင်း – Thu Ta

ဓါတ်ပုံ – The Kokang

သင့်ထင်မြင်ချက်ရေးပေးပါ