မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးအချို့အနီးတွင် MPT ဖုန်းလိုင်းရရှိနေသောကြောင့် ဒေသခံပြည်သူများက ထိုနေရာများတွင် သွားရောက်အသုံးပြုနေကြောင်း သိရသည်။

MPT အော်ပရေတာရုံးအနီးတစ်ဝိုက် သခင်နက်ဖေလမ်းတစ်လျှောက်တွင် ဖုန်းလိုင်းအနည်းငယ် ရရှိနေသောကြောင့် မြို့ခံများက ထိုနေရာသို့သွားရောက်ဖုန်းခေါ်ဆိုမှုများပြုလုပ်နေရသဖြင့် ကားလမ်းပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိကြောင်း မြို့ခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“MPT ရုံးနားကနေ passport ရုံးနားအထိ ဖုန်းလိုင်းရတယ်။ ဖုန်းခေါ်ရတော့ နည်းနည်းကြပ်တယ်။ တရားရုံးရှေ့မှာတော့ ကားအပြည့်ပဲ၊ Passport ရုံးနားမှာတော့ ဆိုင်ကယ်ရပ်ထားတာ များတယ်။ ဖုန်းလာပြောနေကြတာ၊ အခုလိုအခြေအနေကြောင့် ဒီနားတစ်ဝိုက်တော့ ထူးထူးခြားခြား မြစ်ကြီးနားမှာ ကားကြပ်နေတာပေါ့ ရပ်မယ့်နေရာတောင်မရှိဘူး” ဟုပြောသည်။

မြစ်ကြီးနားမြို့ခံများက အဆိုပါနေရာအနီးတစ်ဝိုက်တွင် လာရောက်ဖုန်းခေါ်ဆိုမှသာ အဆက်အသွယ် ရရှိနေခြင်းဖြစ်သော်လည်း လိုင်းမကောင်းကြောင်း သိရသည်။

ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှ ဧရာဝတီမြစ်ကမ်းနားရှိ ဝန်ကြီးအိမ်ယာသို့သွားသည့် ရုံးကြီးလမ်းတစ်လျှောက်တွင် ပြည်နယ်ကောင်စီဥက္ကဋ္ဌ အိမ်ပြန်လမ်းဖြစ်သောကြောင့်ဟုဆိုကာ ကားများကို ရပ်နားခွင့်မပြုကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများပြတ်တောက်နေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ပြီး ပိတ်ထားသည့်ဘဏ်လည်းရှိကြောင်း သိရသည်။

စစ်တပ်ပိုင် MEC နှင့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မိသားစုပိုင်ဆိုင်သည့် Mytel အပါအဝင် ATOM (Telenor)၊ Ooredoo၊ MPT ဖုန်းလိုင်းများနှင့် ဖိုင်ဘာဝိုင်ဖိုင်အင်တာနက်လိုင်းများအားလုံး ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေသည့်အချိန် ကြာမြင့်လာသည်နှင့်အမျှ အခြားဒေသနှင့် ပြည်ပသို့ရောက်ရှိနေသူများက မိသားစုဝင်များနှင့် အဆက်အသွယ်မရသဖြင့် စိုးရိမ်ပူပန်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားထားသည်ကို တွေ့ရသည်။

စစ်တပ်အာဏာသိမ်းကာလ ၂၀၂၁ မှ ၂၀၂၃ နှစ်ကုန်အထိ မြန်မာနိုင်ငံအတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖျက်တောက်ခံရမှု ၂၄၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ၃၃ ရာခိုင်နှုန်းခန့်မှာ စစ်ကိုင်းတိုင်းက ကြုံတွေ့ခဲ့ရကာ ကချင်ပြည်နယ်မှာ ဒုတိယအများဆုံးဖြစ်ကြောင်း Myanmar Internet Project က ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

 

သတင်း – Thu Ta

ပုံ – မြစ်ကြီးနားမြို့တွင်း တစ်နေရာ

သင့်ထင်မြင်ချက်ရေးပေးပါ