မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းရှိ မြေပြိုထားသောနေရာများတွင် ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးသည့်အပြင် ထပ်ပြိုသောနေရာများလည်းရှိသောကြောင့် ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ရန် အချိန်ကြာမြင့်ဦးမည်ဖြစ်ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်နှင့် တီယန်ဇွပ်ကျေးရွာကြားတွင် လမ်းပြုပြင်ရေးလုပ်ငန်းများစတင်ခြင်း မရှိသေးကြောင်းနှင့် ပိတ်မိနေသည့်ကားများမှာလည်း လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်ကြောင်း အဆိုပါလမ်းပိုင်း တစ်နေရာတွင်နေထိုင်သူ အမျိုးသားတစ်ဦးက The 74 Mediaကို ပြောသည်။

“ပျက်နေတဲ့နေရာ‌တွေအများကြီးပဲ။ ကျွန်တော် ဆွမ်ပီယန်ကနေ တီယန်ဇွပ်အထိဆင်းပြီးပြီ လမ်းပြင်သူမရှိဘူး။ တချို့နေရာတွေက လမ်းတစ်ဝက်လောက်အက်သွားတာမျိုးရှိတယ်။ အက်ပြီး ပြိုကျသွားတာပိုများတယ်။ ကားသမားတွေလည်း ပိတ်မိနေကြတယ်။ ဆွမ်ပရာဘွမ်မှာဆို ကားလမ်းတစ်လျှောက်ပဲ ရပ်ထားတယ်။ လမ်းပိတ်တာကြာဦးမယ်ဆိုတော့ တချို့ကားသမားတွေဆို သူတို့မိန်းမတွေတောင်ခေါ်ထားတယ်” ဟုပြောသည်။

မြစ်ကြီးနား – တီယန်ဇွပ်ကြားနှင့် ပူတာအို – ဆွမ်ပရာဘွမ်းကြားတို့တွင် ပြုပြင်ရေးလုပ်ငန်းများကို ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့မှစတင်နေသော်လည်း ဆွမ်ပရာဘွမ်နှင့် တီယန်ဇွပ်ကြားတွင် လမ်းပြုပြင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကုန်ပစ္စည်းများကို ပူတာအိုမြို့သို့ရောက်ရှိရန် လူအင်အားဖြင့် အဆင့်ဆင့်ပို့ဆောင်နေရကြောင်း သူကဆက်ပြောသည်။

“ကားတွေက လမ်းသွားလို့ရတဲ့နေရာအထိသွားကြတယ်။ ပြီးတော့ ဒီဘက်ကကားတွေလည်း သွားလို့ရတဲ့နေရာထိသွားပြီး တစ်ဆင့်ဆင့်သယ်နေကြတာ တွေ့လိုက်တယ်။ လုံးဝသွားလို့မရဘဲ ပျက်နေတဲ့နေရာတွေတော့ ဟိုဘက်ကမ်းဒီဘက်ကမ်း ကုန်တွေမပြီးတော့ ကားပေါ်ပြန်တင်ပေး အဲ့လိုလုပ်တယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက မလိခမြစ်ရေကြီးရေလျှံမှုကြောင့် မြစ်ကမ်းနားတစ်လျှောက်ရှိ ကျေးရွာများမှ အိမ်ခြေ ၂၀၀ ကျော်ရေစီးနှင့်မျောပါသွားပြီး တောင်ပြို မြေပြိုမှုကြောင့် လမ်းဆိုးရွာစွာပျက်စီးနေသည့်နေရာ ငါးခုထက်မနည်းရှိပြီး ကားအစီးရေ ၄၀ ထက်မနည်း ပိတ်မိနေခြင်းဖြစ်သည်။

မြစ်ကြီးနား – ပူတာအိုလမ်းပိတ်လျှင် ပူတာအိုခရိုင်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းအဆမတန်မြှင့်တက်လာလေ့ရှိသောကြောင့် လမ်းကိုအမြန်ဆုံးပြုပြင်ပေးစေလိုကြောင်း လွန်ခဲ့သည့်အပါတ်မှစတင်ကာ ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ပူတာအိုမြို့ခံတစ်ဦးကပြောသည်။

“အခုလိုလမ်းပိတ်တာကြာသွားရန် စားနပ်ရိက္ခာပြတ်လပ်မှုတွေပိုဆိုးလာမယ် ကျွန်တော်တို့ ပြည်သူတွေ ဘယ်လောက်ထိ ဒီ(ကုန်ပစ္စည်းပြတ်လပ်မှု) ဒဏ်ခံရမလဲပေါ့။ ပူတာအိုဒေသခံတစ်ဦးအနေနဲ့ကတော့ ဒီလမ်းကိုအမြန်ပြင်စေချင်တာပေါ့ အဲ့လမ်းမပြင်ရင် လုံးဝအဆင်မပြေဘူး” ဟုပြောသည်။

တိုက်ပွဲကြောင့် အဆိုပါလမ်းကို ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့မှစတင်ကာ သုံးလခန့်ကြာ ပိတ်ဆို့ထားခဲ့ချိန်ကလည်း ပူတာအိုခရိုင်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုကြုံတွေ့ခဲ့ရပြီး ကုန်ဈေးနှုန်းမှာလည်း ဆယ်ဆခန့်မြှင့်တက်သွားခဲ့သည်။

အဆိုပါလမ်းကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှစတင်ကာ အကန့်အသတ်ဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး ကုန်တင်ကားများ ပူတာအိုမြို့သို့ဝင်ရောက်ခဲ့သောကြောင့် ကုန်ဈေးနှုန်းများ ပြန်ကျလာပြီဖြစ်သော်လည်း စက်သုံးဆီများကို လမ်းဘေးဆိုင်များတွင်သာ ဝယ်ယူခဲ့ရခြင်းဖြစ်သည်။

သတင်း – Dureng
ပုံ – တီယန်ဇွပ် – ဆွမ်ပရာဘွမ်ကျေးရွာကြားတွင် ပျက်စီးနေသည့်လမ်းပိုင်းအချို့

သင့်ထင်မြင်ချက်ရေးပေးပါ