KIA ပူးပေါင်းတပ်က ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ ခ.မ.ရ (၄၃၇) ကို ယနေ့ နံနက် ၈ နာရီခန့်မှစတင်ကာ သွားရောက်တိုက်ခိုက်နေကြောင်း သိရသည်။

ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်နေသည်ဟု KIA ရှေ့တန်းသတင်းအရင်းမြစ်က The 74 Media ကိုပြောသည်။
 
“မိုးမောက်အဝင်က ခမရ-၄၃၇ ကိုပစ်တာဟုတ်တယ်။ အရင်ကပြောသလိုပဲအခုထိုးစစ်စပြီ အကြီးအကျယ်တိုက်ပွဲဖြစ်နေတယ်လို့တော့ကြားတယ်။ လောလောဆယ်အခြေအနေကတော့ သိရဖို့နည်းနည်းခက်တယ်” ဟုပြောသည်။
 
အဆိုပါတပ်စခန်းကို ပြီးခဲ့သည့် မေလ ၉ ရက်နေ့ကလည်း KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
 
တိုက်ပွဲဖြစ်ပွားသည်မှာ မှန်ကန်ကြောင်းနှင့် ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် လက်ရှိတိုက်ပွဲအခြေအနေကို အတိအကျမသိရှိရသေးကြောင်း KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
 
“ဒီညနေပိုင်းတော့ စခန်းသိမ်းလိုက်နိုင်ပြီလား၊ တိုက်ပွဲဆက်ဖြစ်နေတုန်းလား၊ ရပ်သွားပြီလား ဆိုတာတော့ မသိရသေးပါဘူး။ တိုက်ပွဲဘယ်လိုစဖြစ်တာလဲတော့မသိရဘူး၊ အရင်ကတည်းက စောင့်ကြည့်ထားတာတော့ရှိပါတယ်။ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာလို့တိုက်တာလား ဖြစ်စဉ်တော့ ဒီနေ့တစ်နေကုန် အဆက်အသွယ်လည်း တစ်ခါမှမရသေးဘူး” ဟုပြောသည်။
 
တိုက်ပွဲနောက်ဆက်တွဲအခြေအနေများနှင့်ပတ်သက်ပြီး The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
 
မိုးမောက်မြို့ရှိ စစ်ကောင်စီရဲစခန်းနှင့် တပ်စခန်းအချို့ကို ပြီးခဲ့သည့် မေလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ပြင်တွင် ခ.မ.ရ (၄၃၇) တစ်ခုသာကျန်ရှိနေခြင်းဖြစ်သည်။
 
ကချင်ပြည်နယ်ရှိ မြို့နယ်အားလုံးတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ ယနေ့အထိ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအားလုံး ပြတ်တောက်နေသည်။
 
ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ဗန်းမော်မြို့မှ မိုးမောက်မြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။
 
မိုးမောက်မြို့နဲ့ မံစီမြို့ရှိ ဒေသခံပြည်သူများက ပြီးခဲ့သည့် မတ်လမှစတင်ကာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
 
ယခုနှစ်ဆန်းပိုင်းမှစတင်ပြီး ကချင်ပြည်နယ်ရှိ မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလော၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်နှင့် ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကြီးငယ် စုစုပေါင်းတစ်ရာကျော်ခန့်ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီဖြစ်သည်။
 
သတင်း – Dureng၊ Pan Soon
ဓါတ်ပုံ – ရှေ့တန်းရောက် KIA တပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်းဖြစ်သည်)
သင့်ထင်မြင်ချက်ရေးပေးပါ