လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ယနေ့ နံနက် ၄ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကိုးကန့် (MNDAA) က သတင်းထုတ်ပြန်လိုက်သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ၂၃ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လားရှိုးမြို့ လုံးဝ လွတ်မြောက်ကြောင်း MNDAA တပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာလိုက်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့အပြင် “လားရှိုးမြို့လွတ်မြောက်ရေး တော်လှန်ရေးလှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခုဖြစ်သည်” ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိအချိန်တွင် ကိုးကန့် (MNDAA) တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့်အတွက် လားရှိုးမြို့အတွင်း ပစ်ခတ်သံများထွက်ပေါ်လျက်ရှိကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့ကလည်း လားရှိုးမြို့မှ စစ်ကောင်စီ ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦးနှင့် ဗိုလ်ကြီး ၅ ဦးအပါအဝင် တပ်ဖွဲ့ဝင်စုစုပေါင်း ၃၁၇ ဦး ကိုးကန့် (MNDAA) ထံ လက်နက်ချအညံ့ခံခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့ကိုလည်း တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် မန္တလေးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ယမန်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ယခုလအတွင်း ရှမ်းမြောက်မှ နောင်ချို၊ မန္တလေးတိုင်းမှ စဉ့်ကူးနှင့် မိုးကုတ်တို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

 

သတင်း – Thu Ta

ဓါတ်ပုံ – The Kokang

သင့်ထင်မြင်ချက်ရေးပေးပါ