မိုးမောက်မြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၄၃၇) တပ်စခန်းကို သိမ်းပိုက်ခြင်းမရှိသေးဘဲ စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံမှသိရသည်။

KIA ပူးပေါင်းတပ်က ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။

“၄၃၇ ဘက်မှာ မနေ့ကနေစပြီးတော့တိုက်ပွဲဖြစ်တာ။ အဲဒီမှာတော့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ရှိပါတယ်။ မသိမ်းသေးဘူး။ ဆက်တိုက်နေတုန်းပဲ။ ဒီနေ့လည်းရှိတယ် မနေ့ကလည်းရှိပါတယ်” ဟုဆိုသည်။

ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် လက်ရှိတိုက်ပွဲအခြေနေအသေးစိတ်ကိုမသိရသော်လည်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန်ခုခံလျက်ရှိကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

“မိုးမောက်က မသိမ်းပြီးသေးဘူးတဲ့နော်။ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးအသားကုန်ကြဲချနေတယ်တဲ့။ အခြေအနေ အတိအကျတော့ မသိရဘူးနော်။ လေယာဉ်ဗုံးတော့ အများကြီးလာချတယ်တဲ့” ဟုဆိုသည်။

ကချင်ပြည်နယ်ရှိ မြို့နယ်အားလုံးတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအားလုံး ပြတ်တောက်နေသည်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ ယနေ့အထိဖြစ်ပြီး ၅ ရက်ခန့်ရှိလာပြီဖြစ်ပြီး အခြေအနေအသေးစိတ်ကို ဆက်သွယ်စုံစမ်းရန် ခက်ခဲနေဆဲဖြစ်သည်။

မိုးမောက်မြို့အတွင်းရှိ စစ်ကောင်စီရဲစခန်းနှင့် တပ်စခန်းများကို KIA ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် မေလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မြို့ပြင်တွင် ခ.မ.ရ (၄၃၇) တပ်စခန်းတစ်ခုသာ ကျန်ရှိနေခြင်းဖြစ်သည်။

အဆိုပါတပ်စခန်းကို ပြီးခဲ့သည့် မေလ ၉ ရက်နေ့ကလည်း KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယမန်နေ့မှစတင်ကာ ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ဗန်းမော်မြို့မှ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို ခ.မ.ရ (၄၃၇) တပ်စခန်းသို့ မရောက်မှီ ၇ မိုင်ကျေးရွာအနီးတွင် KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

မိုးမောက်ဒေသခံများမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် မတ်လအတွင်းမှစတင်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး လက်ရှိအချိန်ထိနေရပ်ပြန်နိုင်ခြင်းမရှိသေးပါ။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်သည် ထိုးစစ်စတင်ခဲ့သော မတ်လ ၇ ရက်နေ့မှ လက်ရှိအချိန်ထိ ကချင်ပြည်နယ်အတွင်းရှိ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလော၊ ဆင်ဘို၊ အင်ဂျန်းယန်နှင့် ဆွမ်ပရာဘွမ်မြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

 

သတင်း – Thu Ta
ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ