တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ညနေ သုံးနာရီခွဲခန့်က ကန့်ဘလူမြို့နယ်၊ ကျီးကုန်းကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ရာ ပျူစောထီး ခြောက်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ကျီးကုန်းကျေးရွာ တံတားအနီးတွင်တပ်စွဲထားသော အင်အား ၇၀ ခန့်ရှိသည့်စခန်းကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ထွက်ပြေးတဲ့ ကောင်တွေလည်းထွက်ပြေး သေတဲ့ကောင်တွေလည်းသေပေါ့။ ထွက်ပြေးတဲ့ကောင်တွေက ပိုများတာပေါ့။ သေသွားတဲ့သူတွေကတော့ အတည်ပြုနိုင်တာပေါ့။ ဒဏ်ရာရပြီးထွက်ပြေးတဲ့သူတွေလည်း ၆၀၀၆ ရောက်မှာပဲ။ လောလောဆယ်ကတော့ အဲ့ဘက်ဖုန်းခေါ်လို့မရဘူး ဖြစ်နေတယ်။ စခန်းကိုလည်း မီးရှို့ခဲ့လိုက်နိုင်တယ်” ဟုပြောသည်။

အဆိုပါစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကန့်ဘဘူတောင်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သူကဆက်ပြောသည်။

တိုက်ပွဲအတွင်း MA1 အမျိုးအစား သေနတ်တစ်လက်၊ G3 အမျိုးအစား သေနတ်သုံးလက်၊‌ ပြောင်းချောသေနတ် တစ်လက်၊ ကာဘိုင် အမျိုးအစား သေနတ် ၁၀ လက်၊ 79mm တစ်လက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

အဆိုပါ တိုက်ပွဲကို ဗိုလ်ပိုင်ချဲ(ကန့်ဘလူခရိုင်အထူးလှုပ်ရှားတပ်ရင်း) နှင့် JH (KU) ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း ကန့်ကလူမြို့နယ်၊ တင်ငုတ်ကြီးကျေးရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

 

သတင်း – Dureng

ဓါတ်ပုံ – MPF – U 18

သင့်ထင်မြင်ချက်ရေးပေးပါ