အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာလုံအစည်းအဝေးကျင်းပကာ ယခင်ကအတိုင်း အာဏာသိမ်းကာလ ၆ လ သက်တမ်းထပ်တိုးကြောင်း စစ်ကောင်စီဝါဒဖြန်သတင်းဌာနများမှတစ်ဆင့် ကြေညာလိုက်သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးကို နေပြည်တော်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး အာဏာသိမ်းကာလကို ၆ လ သက်တမ်းထပ်တိုးခဲ့ခြင်းဖြစ်သည်။

အရပ်သားအစိုးရအဖွဲ့ဝင်များကိုဖမ်းဆီးထောင်ချကာ အရေးပေါ်အခြေအနေ ၁ နှစ်ကြေညာပြီးနောက် စစ်ကောင်စီက ၆ လစီ သက်တမ်းတိုးနေသည်မှာ ၃ နှစ်နှင့် ၆ လကြာမြင့်လာပြီဖြစ်သည်။

စစ်ခေါင်းဆောင်များအလိုကျရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အာဏာသိမ်းသက်တမ်း ၆ လ နှစ်ကြိမ်သာတိုးခွင့်ရှိသော်လည်း ယခုတစ်ကြိမ်သက်တမ်းတိုးခြင်းမှာ ခြောက်ကြိမ်မြောက်ရှိပြီဖြစ်သည်။

စစ်ကောင်စီက ဖွဲ့စည်းပုံတွင်ဖော်ပြထားသည့် “သာမန်အားဖြင့်” ဟူသောစကားလုံးမှ သာမန်အခြေအနေသို့ မရောက်မချင်း အကြိမ်ကြိမ်သက်တမ်းတိုးမြှင့်နိုင်သည်ဟူသော အဓိပ္ပါယ်သို့ လိုရာဆွဲယူကာ သက်တမ်းထပ်တိုးနေလိမ့်မည်ဟုလည်း ဥပဒေရေးရာကျွမ်းကျင်သူများနှင့် နိုင်ငံရေးအကဲခတ်သူများက သုံးသပ်ပြောဆိုထားမှုများလည်းရှိသည်။

ယနေ့ကျင်းပပြုလုပ်သည့် ကာလုံအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတအနေဖြင့် တက်ရောက်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်မားရေးကြောင့်ဟုဆိုကာ ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့က ယာယီသမ္မတတာဝန်ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကိုလည်း ကျန်းမာရေးအရ အနားယူခွင့်ပြုလိုက်ကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီ၏ သတင်းမီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး စုစုပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။

 

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ