မြစ်ဆုံအထက်ဘက်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ယနေ့ နံနက် ခုနှစ်ခွဲခန့်မှစတင်ကာ သွားရောက်တိုက်ခိုက်နေကြောင်း သိရသည်။

မြစ်ကြီးနား – ပူတာအိုလမ်းကြောရှိ တီယန်ဇွပ်ကျေးရွာနှင့် အင်ဆွပ်ဇွပ်ကျေးရွာ စစ်ကောင်စီတပ်စခန်းတို့ကို သွားရောက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က The 74 Media ကိုပြောသည်။

“ကျွန်တော်တို့သွားပစ်တာဟုတ်ပါတယ်။ အခုချိန်ထိတော့ ဖုန်းလိုင်းအဆက်အသွယ်မရလို့ RT (စကားပြောစက်) နဲ့ပဲဆက်သွယ်ကြတာဆိုတော့ တခြားဟာတော့ ဘာသတင်းမှတော့ မကြားသေးဘူး။ စပစ်တယ်ဆိုရုံလောက်ပဲ ရှိသေးတယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် အခြေအနေအသေးစိတ်ကို သိရှိနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

KIA က တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်စခန်းနှစ်ခုအနက် တီယန်ဇွပ်တပ်စခန်းထဲသို့ ဝင်ရောက်နိုင်ပြီဟုသိရကြောင်း စစ်ရေးသတင်းနှင့်နီးစပ်သူ KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“KIA ဘက်က ဝင်တိုက်နေတာ၊ တီယန်ဇွပ်ကစခန်းငယ်နဲ့ အောက်ဘက်နားက အင်ဆွပ်ဇွပ် (Nsawp Zup) ဆိုတဲ့ တပ်စခန်းနှစ်နေရာမှာတိုက်နေတာ။ တီယန်ဇွပ်တပ်စခန်းထဲဝင်နိုင်ပြီ၊ နယ်မြေရှင်းလင်းရေးလုပ်နေပြီလို့ပြောတယ်” ဟုပြောသည်။

တိုက်ခိုက်သိမ်းပိုက်နိုင်သည့်အခြေအနေနှင့်ပတ်သက်ပြီး The 74 Media ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မွန်းလွှဲပိုင်းမှစတင်ကာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

KIA ပူးပေါင်းတပ်က မြစ်ကြီးနား – ပူတာအိုလမ်းပေါ်ရှိ ဆွမ်ပရာဘွမ်မြို့ကို ပြီးခဲ့သည့် မေလ ၄ ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းကို ထိန်းချုပ်ထားသည်။

 

သတင်း – Dureng, Pan Soon

 

သင့်ထင်မြင်ချက်ရေးပေးပါ