စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရှိ စစ်ကောင်စီဂိတ်ကို ယမန်နေ့ညနေ ၄ နာရီခွဲခန့်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး လက်နက်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ညောင်ပင်ကြီးရဲစခန်းရှေ့ရှိ စစ်ကောင်စီဂိတ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ထိတွေ့မဟုတ်ဘူး သူတို့ဂိတ်ကိုဝင်ပစ်တာ ဂိတ်စောင့်နေတဲ့ကောင်တွေကို ဝင်ဆော်တာ။ ကားနဲ့လေ သဲအိတ်တွေတင်ပြီးအစီစဉ်သေချာချပြီးတော့ သွားပစ်ခဲ့တာ။ ရဲနဲ့ စစ်သားတွေ ပေါင်းဖွင့်ထားတာ။ အဲ့တာကို ချောင်းနေတာကတော့ကြာပြီ အခြေအနေစောင့်ကြည့်ပြီး တိုက်ခိုက်တာပေါ့” ဟုပြောသည်။

အဆိုပါရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား လေးဆယ်ခန့်ရှိပြီ ဂိတ်ဖွင့်ထားသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း သူကပြောသည်။

မိနစ် ၂၀ ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး G3 သုံးလက်၊ အူဇီ တစ်လက်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေဆုံးမှုနှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

သွားရောက်ပစ်ခတ်တိုက်ခိုက်ရာတွင် Salingyi G-Z People Defence Force၊ Guerrilla Defense Force၊ Chindwin Galone Yarzar၊ Alpha Special Forceနှင့် YPF(Salingyi) တို့က ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန် ၉ ရက်ကလည်း ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ