မြစ်ကြီးနား – ပူတာအိုလမ်းရှိ တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက် ရှစ်နာရီခွဲခန့်တွင် KIA တပ်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်းသိရသည်။

တီယန်ဇွပ်ကျေးရွာအတွင်းရှိ စစ်ကောင်စီစခန်းအပါအဝင် အနီးနားရှိ စစ်ကောင်စီတပ်စခန်းသုံးခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို‌ပြောသည်။

“လက်နက်ခဲယမ်းလည်း များစွာသိမ်းဆည်းရရှိတယ်။ သိမ်းနိုင်တဲ့ စခန်းသုံးခုစလုံးက သူတို့(စစ်ကောင်စီ)အတွက် အရေးပါတဲ့စခန်းတွေပဲဟုတ်တယ်။ ဖုန်းလိုင်းကတော့မရသေးဘူး အခုဏ ခဏလေးပဲ ကံကောင်းလို့အဆက်အသွယ်ရလိုက်တာ။ လက်ရှိအချိန်မှာတော့ မြေပြင်အနေအထား အတိကျမသိနိုင်ဘူး” ဟုပြောသည်။

သိမ်းပိုက်ရရှိထားသော အဆိုပါတပ်စခန်းများသည် ဝိုင်မော်မြို့နယ်ရှိ ခ.လ.ရ – ၅၈ တပ်၏ ရှေ့တပ်စခန်းများဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် သိမ်းပိုက်နိုင်ခဲ့သောစခန်းများတွင် နယ်မြေရှင်လင်းရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း (KIO/KIA) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဒီမနက်အားလုံးအပြီးအပိုင်သိမ်းပိုက်လို့ရပါပြီ။ အခုလောလောဆယ်ကတော့ ထွက်ပြေးနေတဲ့ စကစ စစ်သားတွေကို လိုက်ပြီးမှဖြေရှင်းနေတဲ့ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့အချိန်ဖြစ်ပါတယ်” ဟုပြောသည်။

ဖုန်းလိုင်းနှင့် အင်တာနက်ခိုင်းအခက်အခဲကြောင့် စခန်းသိမ်းပိုက်ရရှိသည့် အခြေအနေအသေးစိတ်ကို မသိရသေးပါ။

လက်နက်ခဲယမ်းများအပြင် သုံ့ပန်းဖမ်းဆီးရမိမှုများလည်းရှိကြောင်း ကနဦးသိရသည်ဟု ရှေ့တန်း KIA စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ပုံနဲ့တကွတော့ ထွက်မလာသေးဘူး။ တခြားစစ်ကောင်စီတပ်သားဖမ်းမိတာတွေ တခြားအချက်အလက်တွေတော့ သူတို့မပြောပြသေးဘူး။ အရင်နေ့ကတည်းကသိမ်းတယ်ဆိုတာ မဟုတ်ပါဘူး ဒီမနက်ကျမှ အမှန်အကန်သိမ်းနိုင်တာပါ” ဟုပြောသည်။

အဆိုပါတပ်စခန်းများကို ကချင်လွတ်မြောက်ရေတပ် (KIA) တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တီယန်ဇွပ်ကျေးရွာတွင် မြစ်ကြီးနားမြို့မှ မိုင် ၅၀ ကျော်ခန့်အကွာ မလိခမြစ်ဘေးတွင်တည်ရှိသည်။

KIA ပူးပေါင်းတပ်က မြစ်ကြီးနား – ပူတာအိုလမ်းပေါ်ရှိ ဆွမ်ပရာဘွမ်မြို့ကို ပြီးခဲ့သည့် မေလ ၄ ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းကို ထိန်းချုပ်ထားသည်။

သတင်း – Dureng , Pan soon, Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ