မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ၏ နေအိမ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်တပ်စွဲနေထိုင်နေပြီး လမ်းဘေးတစ်လျှောက်တွင်လည်း လုံခြုံရေးယူထားကြောင်းသိရသည်။မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းဘေးတစ်လျှောက်ရှိ နေအိမ်များတွင် ယမန်နေ့ညမှစတင်ကာ ဝင်ရောက်နေထိုင်နေကြခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တစ်နေ့ညက တစ်ခါပြန်သွားလို့ အပြီးပြန်သွားပြီထင်တာ။ မနေ့ညကတော့ လူမရှိတဲ့အိမ်တွေမှာ ဝင်နေနေတာတွေ့တယ်။ လမ်းဘေးကအိမ်တွေမှာဟုတ်တယ်။ ငါးယောက်တစ်ဖွဲ့၊ ခြောက်ယောက်တစ်ဖွဲ့” ဟုပြောသည်။

နောင်နန်းကျေးရွာရှိ စိန်ပေါကက်သလစ်ဘုရားကျောင်းဝင်းအတွင်းတွင်လည်း စစ်ကားနှစ်စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ရောက်ရှိနေပြီး ယနေ့နံနက် ၉ နာရီခန့်အထိ ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့ကြောင်း သိရသည်။

ကျေးရွာအတွင်းရှိ နေအိမ်များတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်နေထိုင်နေသောကြောင့် ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်ခံရမည်ကို စိုးရိမ်ကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

“တစ်ရွာလုံးက စိုးရိမ်နေတာ မနေ့ညက လက်ထောက်နဲ့ပစ်တဲ့အသံကြားသေးတယ်။ ခွေးဟောင်လို့ ပစ်တာလို့တော့ပြောတယ်။ အဲ့အသံကြားပြီးတော့ အားလုံးမီးပိတ်ကုန်တာ။ သူတို့ဒီလိုပဲရွာထဲနေနေရင် ဒေသခံတွေက ကြားညှပ်မှာစိုးရိမ်နေတာ” ဟုပြောသည်။

ယခုရက်ပိုင်းအတွင်း နောင်နန်းကျေးရွာအုပ်စုရှိ နောင်နန်း နောင်နန်းကချင်ခရစ်ယာန်ဓမ္မတက္ကသိုလ် (KTCS) တွင်လည်း စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲခွင့်တောင်းခဲ့ကြောင်း ဒေသခံအချို့၏ပြောပြချက်အရ သိရသည်။

ထို့အပြင် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းတစ်လျှောက်ရှိ အူဗျစ်နှင့် အာလမ်ကျေးရွာတို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လုံခြုံရေးယူထားကြောင်းသိရပြီး ယနေ့နံနက် ငါးနာရီခွဲခန့်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များစီနင်းလိုက်ပါလာသည့် တုန်ဟုန်းကားနှစ်စီး မြစ်ကြီးနားမြို့မှ အထက်သို့တက်သွားကြောင်း မြို့ခံအချို့၏ပြောပြချက်အရသိရသည်။

အဆိုပါလမ်းပေါ်ရှိ တီယန်ဇွပ်ကျေးရွာနှင့် အင်ဆွပ်ယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို ယမန်နေ့တွင် KIA တပ်က သွားရောက်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်သည်။

သတင်း – Sin Li

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ