စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်က ဖမ်းဆီးသွားသည့် ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာမှ သိက္ခာတော်ရဆရာ မဒိန်ခေါ်ဘောမ်သည် နှစ်ပတ်ကျော်ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်းသိရသည်။

အသက် ၅၇ နှစ်ခန့်အရွယ် သိက္ခာတော်ရဆရာ မဒိန်ခေါ်ဘောမ်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း ဖမ်းဆီးထားခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ကို မသိရကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
 
“အစက ၅၈ (ခလရ-၅၈) မှာလို့လည်းပြောတယ်။ တိုင်းမှာလို့လည်းပြောတယ်။ လိုက်စုံစမ်းတော့လည်း မရှိဘူးပြောလို့ သတ်လိုက်ပြီတော့ထင်တာ။ နောက်မှ တိုင်းမှာဟုတ်တယ်တဲ့ ရိုက်နှက်နှိပ်စက်ခံထားရတာမျိုးတော့ မတွေ့ရဘူးလို့သိရတယ်။ ဆရာကမလွတ်သေးဘူး လွတ်ပေးမယ်လို့ပြောပေမဲ့ အခုထိမလွတ်လာသေးဘူး။ ဖမ်းရတဲ့အကြောင်းအရင်းလည်း အတိအကျတော့ မသိရ” ဟုပြောသည်။
 
ဝူယန်ကျေးရွာရှိ ခါနန်နှစ်ခြင်းအသင်းတော်မှ အမှုတော်ဆောင်သိက္ခာတော်ရဆရာ မဒိန်ခေါ်ဘောမ်သည် ဝိုင်းမော် KBC ဇုံနယ်ခေါင်းဆောင်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က သေနတ်ကိုင်ဆောင်ကာ စစ်ယူနီဖောင်းဝတ်ဆင်ထားသူလေးဦးက နေအိမ်တွင်လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
 
ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ စီတာပူနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာ Jumzang ဂျုံးခေါင်၊ ဆရာ မဒိန်ဇုန်းကရန်းနှင့် ဆရာ ဒဘန်ဆွတ်အောင်တို့ကို လာရောက်ဖမ်းဆီးသွားပြီး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
 
သတင်း – Sin Li
ပုံ – ဖမ်းဆီးခံရသည့် သိက္ခာတော်ရ ဆရာ မဒိန်ခေါ်ဘောမ်
သင့်ထင်မြင်ချက်ရေးပေးပါ