ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် ယနေ့ မွန်းလွှဲ သုံးနာရီခန့်က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေဆုံးခဲ့သည့်အပြင် ကွတ်ခိုင်မြို့မဈေး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ကွတ်ခိုင်မြို့မဈေး၊ ရပ်ကွက် ၃ နှင့် ၇ တို့တွင် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး လမ်းသွားလမ်းလာအရပ်သားများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကွတ်ခိုင်မြို့ခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ဈေးမှာကနှစ်လုံးကျတယ်၊ အပိုင်း ၃ မှာရောတစ်လုံး၊ အပိုင်း ၇ မှာရောတစ်လုံး ကျတယ်လို့သိရတယ်။ လူလည်း သေထားတယ်၊ ကျမ်းစာသင်ကျောင်းသွားတဲ့လမ်းပေါ်မှာ လူသုံးယောက် ဆိုင်ကယ်နဲ့ ဖြတ်သွားနေတဲ့အချိန် ထိသွားတာ။ ဒီညနေဘက်တော့ ဘယ်လိုလဲမသိတော့ဘူး၊ လိုင်းရတဲ့နေရာကနေ လာပြောပြထားတာ” ဟု ပြောသည်။

မြို့မဈေးအနီး ဆိုင်ကယ်ဖြင့်ဖြတ်သန်းသွားသည့် အမျိုးသားသုံးဦး ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့မဈေး မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူအမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်က အခုကွတ်ခိုင်မှာပါ၊ စကားပြောနေရင်းတန်းလန်းမှာတော့ တစ်လုံးပြန်ကြဲချလိုက်ပြီ။ သုံး၊ လေးလုံးတော့ ဗုံးကြဲလိုက်ပြီ။ ကွတ်ခိုင်ဈေးလည်း မီးလောင်နေပြီ” ဟုပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံရသောကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေနှင့်ပတ်သက်ပြီး သိရှိနိုင်ရန် The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုမပြုလုပ်မှီ မွန်းလွှဲတစ်နာရီခန့်တွင် ကင်းထောက်လေယာဉ်ဖြင့် ကွတ်ခိုင်မြို့ကို ရှစ်ကြိမ်ခန့်ပတ်သွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် နေအိမ်နှစ်လုံးဗုံးစထိမှန်မီးလောင်ခဲ့ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ကလည်း ကွတ်ခိုင်မြို့အနီး ပြည်ထောင်စုလမ်းမအနောက်ခြမ်းရှိ နွားခြံကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လုပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ် (MNDAA) နှင့် TNLA တပ်တို့ သိမ်းပိုက်ထားသည့် လောက်ကိုင်မြို့၊ သိန္နီမြို့နှင့် ကွတ်ခိုင်မြို့များကို ယခုနှစ် ဇူလိုင်လအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ