မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ) ၄၃၇ တပ်စခန်းကို KIA ပူးပေါင်းတပ်က လက်ရှိအချိန်ထိ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သည့် ခ.မ.ရ (၄၃၇) ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့အထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်ဟု KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကို ပြောသည်။
“လောလောဆယ်က ခါတိုင်းလိုပါပဲ။ အဲဒီဘက်မှာကတော့ တိုက်ပွဲတော့ဆက်ရှိနေပါတယ်။ စခန်းသိမ်းတဲ့အနေထားတွေတော့ မရှိဘူးခင်ဗျ။ လက်နက်ကြီးနဲ့ လှမ်းပစ်ကြတဲ့အနေအထားဖြစ်ပါတယ်” ဟုပြောသည်။
ခ.မ.ရ (၄၃၇) ကို KIA ပူးပေါင်းတပ်က တစ်ကျော့ပြန်သွားရောက်တိုက်ခိုက်နေသည်မှာ ၁၄ ရက်ခန့်ကြာမြင့်လာပြီဖြစ်သည်။
မြို့ပြင်ရှိ အဆိုပါတပ်စခန်းကျလျှင် မိုးမောက်မြို့နယ်ကို KIA အပြီးသတ်ထိန်းချုပ်နိုင်ပြီဖြစ်သောကြောင့် စစ်ကောင်စီတပ်က စခန်းမကျရေးအပြင်းအထန်ခုခံနေကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“နှစ်ဖတ်တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။ သူတို့ဘက်ကလည်း မကျဖို့အစွမ်းကုန် လေယာဉ်နဲ့ပါသုံးပြီး ကာကွယ်နေတဲ့သဘောမှာရှိတယ်။ နှစ်ဖက်အကျအဆုံးလည်းများတယ်။ အခုချိန်ထိတော့ အလုံးစုံကို သိမ်းပိုက်နိုင်ခြင်းမရှိပါဘူး။ သိမ်းပိုက်နိုင်ဖို့အတွက် ကျွန်တော်တို့ကြိုးစားနေတုန်းပဲ” ဟုဆိုသည်။
စခန်းဧရိယာကျယ်ပြန့်ခြင်း၊ မြေပြန့်တွင်တည်ရှိခြင်းနှင့် လက်နက်အပြည့်အစုံတပ်ဆင်ထားသောစခန်းဖြစ်သည့်အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူများ၊ လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်နေသောကြောင့် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း KIA သတင်းရင်းမြစ်များကဆိုသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိသည်ဟု သိရသော်လည်း အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်ရေးအထိနာနေသည့် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ ကချင်ပြည်နယ်တစ်ခုလုံးကို ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများအားလုံးဖြတ်တောက်ခဲ့သည့်အတွက် မြေပြင်အခြေနေအသေးစိတ်ကိုသိရှိနိုင်ရင် ခက်ခဲနေဆဲဖြစ်သည်။
မိုးမောက်မြို့အတွင်းရှိ စစ်ကောင်စီရဲစခန်းနှင့် တပ်စခန်းများကို KIA ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် မေလက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ပြင်တွင် ခ.မ.ရ (၄၃၇) တပ်စခန်းတစ်ခုသာ ကျန်ရှိနေခြင်းဖြစ်သည်။
သတင်း – Thu Ta၊ Dureng
သင့်ထင်မြင်ချက်ရေးပေးပါ