ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေဖြစ်သော တရုတ် – မြန်မာနယ်စပ်တစ်လျှောက်တွင် ဩဂုတ်လဆန်းပိုင်းမှစတင်ကာ တရုတ်ကင်းထောက်လေယာဉ်များ မကြာခဏပျံဝဲနေကြောင်း သိရသည်။

KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် မိုင်ဂျာယာန်မြို့အနီးတို့တွင် ယနေ့မွန်းလွှဲပိုင်းက တရုတ်လေယာဉ်များပျံဝဲခဲ့ကြောင်း လိုင်ဇာမြို့နေအသက် (၄၀) ခန့်အရွယ်အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။
“ခဏတုန်းကတော့ မိုင်ဂျာယာန်ဘက် ကင်းလှည့်တယ်လို့ပြောတယ်။ လိုင်ဇာတရုတ်ဘက်ခြမ်း နားဘန်းဘက် လေယာဉ်ဝဲနေတာ။ ဩဂုတ်လ လဆန်းပိုင်းကနေစပြီးကင်းလှည့်တာ နှစ်ခေါက်သုံးခေါက်ရှိပြီ။ မနေ့တနေ့ကလည်း ညသန်းခေါင် ၁၁၊ ၁၂ လောက်မှာ လေယာဉ်နဲ့ကင်းလှည့်တာ။ အချိန်မရွေး တစ်နေ့ကို နှစ်ကြိမ်လောက်တော့ လေယာဉ်သံကြားရတယ်” ဟုပြောသည်။
ယနေ့ နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီခန့်အထိ တရုတ်နိုင်ငံဘက်အခြမ်း နယ်စပ်တစ်လျှောက်တွင် ပျံဝဲနေခြင်းဖြစ်သည်ဟု မြို့ခံအချို့ကဆိုသည်။
မိုင်ဂျာယာန်မြို့အနီး တရုတ်နယ်စပ်တွင်လည်း တရုတ်ကင်းထောက်လေယာဉ် နေ့စဉ်ပျံဝဲနေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း မိုင်ဂျာယာန်မြို့နေ လူငယ်တစ်ဦးက ပြောသည်။
“မိုင်ဂျာယာန်မှာ တရုတ်လေယာဉ်ဝဲတယ်။ (ဩဂုတ် ၄) က ဘယ်နှစ်စီးလဲတော့ မသိဘူး။ ဒီကနေ့လည်း တစ်စီးဟုတ်တယ်။ တရုတ်ကင်းထောက် နယ်စပ်လုံခြုံရေးလေယာဉ်ထင်တယ် နယ်စပ်မှာဝဲတာဟုတ်တယ်” ဟု ပြောသည်။
တရုတ်ကင်းထောက်လေယာဉ်များပျံဝဲလျှင် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်လေ့ရှိသောကြောင့် စိုးရိမ်စိတ်ဖြင့်နေထိုင်ကြရကြောင်း လိုင်ဇာဒေသခံအမျိုးသားက ဆက်ပြောသည်။
“တရုတ်ကတော့ သူတို့နယ်စပ်ဘက်မဝင်လာအောင် ပုံမှန်ကင်းလှည့်တာပေါ့၊ ဒါပေမဲ့ ဒီဘက် တိုက်ပွဲပြင်းထန်ပြီဆိုရင် တရုတ်တွေဘက်က အမြဲတမ်းကင်းလှည့်နေကျပဲ။ အရင်ကလည်း တရုတ်လေယာဉ်ဝဲပြီဆိုရင် မကြာဘူး၊ စစ်ကောင်စီဘက်က လေယာဉ်တစ်ခါတည်းရောက်လာတာဆိုတော့ ပြည်သူတွေတော့ အမြဲတမ်းစိုးရိမ်တကြီးနဲ့ သတင်းကိုနားစွင့်ပြီး သတိထားနေရတယ်” ဟု ပြောသည်။
လိုင်ဇာမြို့နှင့် မိုင် ၅၀ ခန့်အကွာရှိ မိုးမောက်မြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ) ၄၃၇ ကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ဆယ်ရက်ကျော်ရှိနေပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ဝိုင်းမော်မြို့နယ်၊ ရွေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၃၂၁) သိမ်းပိုက်ခံရသဖြင့် လိုင်ဇာမြို့ကို လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သတင်း – Pan Soon၊ Thu Ta
ဓါတ်ပုံ – AP
သင့်ထင်မြင်ချက်ရေးပေးပါ