မြစ်ကြီးနားအကျဉ်းထောင်တွင်းဆူပူမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးဆောင်ပါဝင်သည်ဟုစွပ်စွဲခံထားရသည့် အကျဉ်းသား ၁၃ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မများဖြင့် ယနေ့ ရုံးထုတ်စွဲချက်တင်ခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားမြို့နယ်တရားရုံးတွင် အမှုဖွင့်စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး အမှုများလည်းထပ်တိုးလာနိုင်သည်ဟု အကျဉ်းဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ဆူပူမှုဖြစ်စဉ်တုန်းက အကျဉ်းသား ၁၃ ဦးကို သူတို့ကိုတိုက်ပိတ်ထားတာကနေပြီးမှ အခုအမှုဖွင့်ပြီနော်။ ဒီနေ့ရုံးထုတ်ပေါ့နော်။ ရာဇသတ်ကြီးနဲ့ အထူးဥပဒေ ၆(၁) နဲ့စွဲတယ်။ ဒါမပြီးသေးဘူးနောက်ထပ်လားဦးမယ် သူတို့အမှုတွေက ထပ်ကပ်ဦးမှာ” ဟုဆိုသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၄၅၊ ၁၄၇၊ ၄၃၅ နှင့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ၆(၁) တို့ဖြင့်စွဲချက်တင်ခံခဲ့ရကြောင်း သူကပြောသည်။

အဆိုပါ အကျဉ်းသား ၁၃ ဦးတွင် နိုင်ငံရေးအကျဉ်းသားများလည်းပါဝင်ပြီး အနည်းဆုံး ပြစ်ဒဏ် ၅ နှစ်မှ နှစ် ၄၀ အထိပြစ်ဒဏ်ချမှတ်ခံထားရသူများဖြစ်ကြောင်း သိရသည်။

မြန်မာ့နှစ်သစ်ကူး ဧပြီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီကပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်မှာ ပွင့်လင်းမြင်သာမှု မရှိသောကြောင့်ဟုဆိုကာ ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့က မြစ်ကြီးနားထောင်အတွင်းဆန္ဒပြမှုကို အကျဉ်းဦးစီးလုံခြုံရေးဝန်ထမ်းများက သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် နိုင်ငံရေးအကျဉ်းသားအပါအဝင် ၄ ဦး သေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါထောင်တွင်းဆူပူမှုကိုပစ်ခတ်နှိမ်နင်းသည့်ဖြစ်စဉ်အတွက် အဓိကတာဝန်ရှိသည့် ရာထူးအကြီးပိုင်းများမှာ အရေးယူမခံရဘဲ အခြားအဆင့်ဝန်ထမ်း ၁၃ ဦးကို စစ်ကောင်စီက ပြီးခဲ့သည့်မေလအတွင်းက ထောင်ဒဏ် ၆ လမှ ၃ နှစ်ခွဲအထိ အသီးသီးချမှတ်အရေးယူခဲ့သည်။

ထိုဖြစ်စဉ်အတွက်အဓိကတာဝန်ရှိသူများဖြစ်သည့် အမိန့်ပေးစေခိုင်းသူများကို အပြစ်ပေးအရေးယူခြင်းမရှိသည့်အပြင် အကျဉ်းသား ၁၃ ဦးကို ပုဒ်မထပ်တိုးတရားစွဲဆိုမှုမှာ တရားမျှတမှုမရှိကြောင်း သူကဆက်ပြောသည်။

“အကျဉ်းဦးစီးရဲ့ဥပဒေအရ ခြောက်လှန့်ပစ်ခတ်ခြင်း၊ ရာဘာကြည်နဲ့ပစ်ခတ်ဖြိုခွင်းခြင်းမပြုဘဲနဲ့တိုက်ရိုက် ကျည်အစစ်နဲ့ပစ်ခတ်ဖြိုခွင်းမှုအပေါ်မှာ သေမှုသေခင်းတွေဖြစ်ခဲ့တယ်။ ဒဏ်ရာတွေရခဲ့တယ်။ တာဝန်အရှိဆုံး အမိန့်ပေးတဲ့ ပုဂ္ဂိုလ်နဲ့ ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးမှ ဘာမှအရေးယူဆောင်ရွက်ခြင်းမရှိဘဲနဲ့ ပါဝင်တယ်လို့ယူဆရတဲ့ အကျဉ်းသား ၁၃ ဦးကို ရှိသမျှပုဒ်မတွေနဲ့တပ်ပြီးတော့မှ တရားစွဲဆိုတာဟာ လုံးဝတရားမျှတမှုမရှိတဲ့ကိစ္စဖြစ်တယ်” ဟုပြောသည်။

လက်ရှိအကျဉ်းသား ၁၃ ဦး စွဲချက်တင်ခံထားရသည့် ရာဇသတ်ကြီးပုဒ်မ – ၁၄၅ မှာ လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျှက် ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေး၌ ပါဝင်နေခြင်းဖြစ်ပြီး ဖောက်ဖျက်သည်ဟု သတ်မှတ်ပါက ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဟုဖော်ပြထားသည်။

ရာဇသတ်ကြီးပုဒ်မ ၁၄၇ မှာ လူငါးဦး သို့မဟုတ် ငါးဦးထက်ပို၍စုဝေးခြင်း၊ ထိုအစုအဝေးတွင်ပါဝင်ခြင်းနှင့် ထိုအစုအဝေးတွင်ပါဝင်သူတစ်ဦးဦးက အနိုင်ထက်စီးနင်းပြုခြင်း၊ သောင်းကျန်းခြင်းတို့ဖြစ်ပြီး ဖောက်ဖျက်ပါက ၂ နှစ်အထိထောင်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြစ်ကြောင်း သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၄၃၅ မှာ မည်သူမဆို အဘိုးငွေ တစ်သောင်းထက်မနည်းသော သို့မဟုတ် ငွေတစ်ထာင်အောက်မနည်းသောတန်ဖိုးကို ဆုံးရှုံးစေရန်အကြံဖြင့်၊ သို့တည်းမဟုတ် ထိုသို့ဆုံးရှုံးစေရန် သိလျက်နှင့် မီးဖြင့်သော်၎င်း၊ ပေါက်ကွဲတတ်သော အရာဖြင့်သော်၎င်း အကျိုးဖျက်ဆီးမှုကို ကျူးလွန်လျင်၊ ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

ထောင်တွင်းဆူပူမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးဆောင်ပါဝင်သည်ဟုစွပ်စွဲခံထားရသည့် အကျဉ်းသား ၁၃ ဦးကို လာမည့် ဩဂုတ်လ ၁၉ ရက်နေ့တွင် ထပ်မံရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

သတင်း – Thu Ta

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ