မိုးမောက်မြို့မှ ခ.မ.ရ (၄၃၇) မကျရေးအတွက် စစ်ကောင်စီက ယမန်နေ့ညပိုင်းက လေကြောင်းဖြင့် အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ပြီး တပ်စခန်းပတ်လည်ရှိ ကာကင်းစခန်းအချို့ကို သိမ်းပိုက်ထားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များထံမှသိရသည်။

မိုးမောက်မြို့ပြင်ရှိ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သည့် ခ.မ.ရ (၄၃၇) တပ်စခန်းကို KIA ပူးပေါင်းအဖွဲ့က သိမ်းပိုက်ခါနီး ဖြစ်ခဲ့သည့်အတွက် လေကြောင်းမှအပြင်းအထန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“သတင်းအတိအကျတော့ မရသေးဘူး၊ မနေ့ညနေပိုင်းက ကျွန်တော်တို့ဘက်က (၄၃၇) တပ်ကို သိမ်းပိုက်ရခါနီးဆိုပြီး သတင်းကြားတယ်။ လေယာဉ်နဲ့ ဗုံးကြဲတယ်တဲ့။ အရင်နေ့တွေကတည်းက တဖြည်းဖြည်းချင်း ရှင်းလင်းနေတာတော့ ဟုတ်တယ်။ ရခါနီးပြီဆိုပြီးတော့လေ၊ မနေ့ညက လေယာဉ်နဲ့ ဗုံးလာကြဲတာ ဘယ်လိုဖြစ်ပြီလဲဆိုတာ မသိရသေးဘူး ” ဟုဆိုသည်။

ယမန်နေ့က လေကြောင်းဖြင့် ၁၀ ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ခ.မ.ရ (၄၃၇) တွင် ပျက်စီးမှုများစွာရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“အခု ၄၃၇ တပ်က မဆုတ်တမ်းခံစစ်နဲ့ သူတို့ကို သေရင်သေပါစေဆိုပြီး ခံစစ်လုပ်ထားတာ။ အဲ့ဒါကြောင့် နည်းနည်းခက်နေတာ။ ပြီးတော့ လေကြောင်းကနေရော ပစ်ကူပေးနေတယ်။ များသောအားဖြင့် ဘယ်အချိန်မဆို အကူအညီတောင်းတာနဲ့ရောက်လာတဲ့ အနေအထားပါ”ဟုဆိုသည်။

အခြားရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကလည်း ခ.မ.ရ (၄၃၇) ပတ်လည်ရှိ ကာကင်းစခန်းအချို့ကို သိမ်းပိုက်ထားပြီး စခန်းကြီးတစ်ခုသာ ကျန်ရှိတော့ကြောင်းဆိုသည်။

လေကြောင်းတိုက်ခိုက်မှုအခြေနေနှင့်ပတ်သက်ပြီး သတင်းရရှိထားခြင်းမရှိကြောင်း KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

“အဲဒါကတော့ ကျွန်တော်တို့လိုင်းပေါ်ကတော့ကြားပါတယ်။ ဒါပေမဲ့ တရားဝင်အကြောင်းကြားတာကတော့ ဘာမှမကြားဘူး။ မိုးမောက်ဘက်ကအခြေနေက တိုက်ပွဲကတော့ဆက်တိုက်ရှိပါတယ်” ဟုဆိုသည်။

စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ ကချင်ပြည်နယ်တစ်ခုလုံးကို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအားလုံး ဖြတ်တောက်ခဲ့သည့်အတွက် မြေပြင်အခြေနေအသေးစိတ်ကိုသိရှိနိုင်ရန်ခက်ခဲနေဆဲဖြစ်သည်။

မိုးမောက်မြို့နယ်တွင် နောက်ဆုံးကျန်ရှိတော့သည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၄၃၇) ကို KIA ပူးပေါင်း တပ်က တစ်ကျော့ပြန်တိုက်ခိုက်နေသည်မှာ သုံးပါတ်တာကာလကိုရောက်ရှိလာပြီဖြစ်ပြီး စစ်ကောင်စီက တပ်စခန်းမကျရေးအတွက် လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ