ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ယနေ့နံနက် သုံးနာရီခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

တောမှော်နှင့် လမောင်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို သွားရောက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဒီမနက် သုံးနာရီလောက်ကတည်း သွားပစ်တာတာတဲ့၊ မိုးလင်းတဲ့နောက်ပိုင်းတော့ ခဏပြန်ငြိမ်သွားတယ်လို့ပြောတယ်၊ အခြေအနေအရ ခဏနားနေတာနေမှာ” ဟုပြောသည်။

KIA ပူးပေါင်းတပ်က သွားရောက်ပစ်ခတ်တိုက်ခိုက်ပြီး တစ်နာရီအကြာတွင် လမောင်ကုန်း စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း ရှရော်ခကျေးရွာတွင်နေထိုင်သည့် အသက် ၃၆ နှစ်အရွယ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ညကမိုးလည်ရွာနေတာ ပစ်ကြခတ်ကြတဲ့အသံတွေက ဆုံနေတယ်။အဲ့မှာထိုင်တာက တပ်မ ၃၃ လက်အောက်ခံတွေပဲ ဟုတ်တယ်။ သိမ်းပြီးပြီးလို့တော့ကြားတယ်။ အဲ့နားတစ်ဝိုက်ကဒေသခံတွေလည် ရှောင်သွားကြပြီ”ဟုပြောသည်။

ဖားကန့်မြို့တွင် လက်ရှိအချိန်ထိ ဖုန်းလိုင်းများအားလုံးပြတ်တောက်နေဆဲဖြစ်သောကြောင့် တိုက်ပွဲအခြေအနေ အသေးစိတ်ကိုသိရှိနိုင်ရန် ခက်ခဲနေဆဲဖြစ်ပြီး စခန်းသိမ်းပိုက်ရရှိခြင်းနှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

တိုက်ပွဲတွင်း အထိနာသည့် စစ်ကောင်စီတပ် တိုက်လေယာဉ်တစ်စင်းဖြင့် ယနေ့နံနက် ၁၀ နာရီခန့်က ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် မားဆား၊ တောမှော်နှင့် ဆိုင်းဂျာဘွမ်ကျေးရွာရှိဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဆိုင်းဂျာဘွမ်ရွာခံ အသက် ၄၂ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ်က အထိနာလို့ လေယာဥ်နဲ့လာချသွားတာဗျ။ အခုအခြေအနေကလည် ဘာမှန်းမသိရသေးဘူး။ ပြေးရမလား ဆက်နေရမလားပေါ့။ တချို့ကတော့ ပြောင်းနေကုန်ပြီ။ လမောင်ကုန်း စစ်တပ်စခန်းထဲကို လာကြဲသွားတယ်လို့ပြောနေကြတယ်” ဟုပြောသည်။

KIA ပူးပေါင်းတပ်သွားရောက်တိုက်ခိုက်နေသည့် တောမှော်တပ်စခန်းတွင် တန်ဖိုးကြီးသည့် ကျောက်ငုတ်ရှိသောကြောင့် စစ်ကောင်စီက တပ်စွဲထားခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လက စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင်လတွင် ငြိမ်သက်သွားခဲ့ပြီး ယခုလတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ ရဲတပ်ရင်း (၃၀) ကို KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း အင်အားထပ်မံဖြည့်တင်းခဲ့ကြောင်း သိရသည်။

သတင်း – Pe Ti၊ Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ