ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော မြစ်ကြီးနား – ပူတာအိုလမ်းပြန်လည်ပြုပြင်ပြီးသော်လည်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့များက စစ်ရေးအခြေအနေကြောင့် သွားလာခွင့်ပိတ်ထားကြောင်း သိရသည်။

မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းတွင် ယခုရက်ပိုင်း လုံခြုံမှုမရှိသောကြောင့် KIA တပ်ဖွဲ့ဝင်များက ပိတ်ထားခဲ့ခြင်းဖြစ်သည်ဟု ကားသမားနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“တက်လို့မရဘူးဆိုပြီး KIA ပိတ်ထားတယ်တဲ့။ တီယန်ဇွပ်သိမ်းပြီးတဲ့နောက် အဲ့ကထွက်ပြေးသွားတဲ့ စကစတွေ လမ်းမှာရှိနေကြတယ်။ ပြီးတော့ ဟိုတစ်ပါတ်ထဲ ကုန်စိမ်းသည်လင်မယားကိုလည်း ပစ်သတ်လိုက်တယ်ပြောတယ်။ အဲ့ဒါကြောင့် မလုံခြုံသေးဘူးဆိုပြီး ပြန်ပိတ်ထားတာတဲ့” ဟုပြောသည်။

မြစ်ကြီးနား – တီယန်ဇွပ်ကြားတွင် ကုန်စိမ်းသည်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်သတ်ပြီး ကားအချို့လည်းတားဆီးကာ ငွေလုယက်ခံရသည်ဟု ဒေသခံအချို့၏ပြောပြချက်အရ သိရသော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် The 74 Media အတည်ပြုနိုင်ရန်ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းကို ကားများသွားလာနိုင်သည်အထိ ပြင်ဆင်ပြီးသော်လည်း ပူတာအိုအထွက်နှင့် မြစ်ကြီးနားအထွက်ရှိ စစ်ကောင်စီဂိတ်များကလည်း သွားလာခွင့် ပိတ်ထားကြောင်း အဆိုပါလမ်းကြောရှိ KIA တပ်ဖွဲ့ဝင်အချို့ထံမှသိရသည်။

တီယန်ဇွပ်ကျေးရွာနှင့် အင်ဆွပ်ဇွပ်ကျေးရွာမှ စစ်ကောင်စီတပ်စခန်းတို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဩဂုတ်လ ၁ ရက်နေ့တွင် သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိအချိန်ထိစစ်ရေးတင်းမာနေခြင်းဖြစ်သည်။

နှစ်ဖက်စစ်ရေးတင်းမာမှုများရှိနေသောကြောင့် မည်သည့်အချိန်ပြန်ဖွင့်မည်ကို မသိရကြောင်း မြစ်ကြီးနား – ပူတာအိုပြေးဆွဲနေသည့် ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ပြီးခဲ့တဲ့အပတ်လည်း ဆိုင်ကယ်နဲ့သွားကြည့်တာ အခြေအနေကတော့ စစ်ဖြစ်မလိုလိုပြောနေကြလို့ လုံးဝသွားလို့မရဘူး။ အဲ့လိုမျိုးပဲပြောလာတယ်။ ဘယ်သူမှစွန့်စားပြီးတော့မသွားရဲဘူးလေ။ ပိတ်တာကြာပြီဆိုတော့ ကျွန်မတို့လည်း သိပ်တောင်စိတ်မဝင်မစားတော့ဘူး။ တချို့တွေတော့ ကားတွေကို ပူတာအိုမှာပဲ ဒီတိုင်းပစ်ထားပြီး လေယာဉ်ပြန်လာကြတာများတယ်” ဟုပြောသည်။

လမ်းပိတ်နေပြီး ကုန်ကားများဝင်ရောက်ခြင်းမရှိသောကြောင့် ပူတာအိုမြို့တွင် အခြေခံစားသောက်ကုန်ဖြစ်သော ဆန်တစ်အိတ်လျှင် သုံးသိန်းကျပ်၊ ကြက်ဥတစ်လုံး တစ်ထောင်ကျပ်နှင့် စားသုံးဆီတစ်ပိဿာလျှင် သုံးသောင်းကျပ်အထိပေးဝယ်နေရကြောင်း သိရသည်။

မြစ်ကြီနား – ပူတာအိုလမ်းတစ်လျှောက်တွင် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့မှစတင်ကာ မြေပြိုခြင်း၊ တောင်ပြိုခြင်းတို့ကြောင့် ဆိုးရွားစွာပျက်စီးနေသဖြင့် လမ်းကြောပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

ထို့အပြင် တိုက်ပွဲကြောင့် အဆိုပါလမ်းကို ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့မှစတင်ကာ သုံးလခန့်ကြာ ပိတ်ဆို့ထားခဲ့ချိန်ကလည်း ပူတာအိုခရိုင်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုကြုံတွေ့ခဲ့ရပြီး ကုန်ဈေးနှုန်းမှာလည်း ဆယ်ဆခန့်မြှင့်တက်သွားခဲ့သည်။

သတင်း – May

ပုံ – မြစ်ကြီးနား ပူတာအိုလမ်းတစ်နေရာ

သင့်ထင်မြင်ချက်ရေးပေးပါ