မြစ်ကြီးနားမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ပတ်စ်ပို့ရုံး) ပိတ်ထားသည့်အတွက် အွန်လိုင်းရက်ချိန်းရယူထားသူများအနေဖြင့် မန္တလေးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် သွားရောက်လျှောက်ထားနိုင်ကြောင်းသိရသည်။

မြစ်ကြီးနားရုံးခွဲတွင် ရက်ချိန်းရယူထားသူများကို မန္တလေးရုံးတွင် ယမန်နေ့ (ဩဂုတ် ၁၃) ရက်နေ့မှစတင်လျှောက်ထားခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“မြစ်ကြီးနားမှာ ပိုက်ဆံပေးပြီးလျှောက်ထားတဲ့ QR မှန်သမျှကို အခုမန္တလေးမှာလုပ်ခွင့်ပေးလိုက်တာ။ ရုံးပေါင်းလိုက်တာပေါ့နော်။ အခု QR သမားတွေကို မြစ်ကြီးနားရုံးကဖွင့်ပြီးလုပ်မပေးနိုင်တဲ့ အခြေအနေမို့လို့ မန္တလေးမှာသွားလုပ်ဆိုပြီး ခိုင်းလိုက်တာ” ဟုဆိုသည်။

ဇူလိုင် ၂၂ ရက်နေ့မှစတင်ကာ ရက်ချိန်းရရှိထားသူများကို လျှောက်ထားခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့အပါအဝင် ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ ဖုန်းနှင့် အင်တာနက်လိုင်းများအားလုံးပြတ်တောက်ခဲ့သည့်အတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာလည်း လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ ရပ်နားထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် လားရှိုးရုံးခွဲတွင် ဇူလိုင်လ ၅ ရက်နေ့မှစတင်ရက်ချိန်းရရှိထားသူများအနေဖြင့်လည်း ရန်ကုန်နှင့်တောင်ကြီးရုံးတို့တွင် ဆက်လက်ဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) လျှောက်ထားခြင်းကို လူကိုယ်တိုင်တန်းစီရသောစနစ်မှ အွန်လိုင်းရက်ချိန်းစနစ် အသစ်သို့ ပြီးခဲ့သည့် မေလ ၁ ရက်နေ့ကစတင်ပြောင်းလဲခဲ့ပြီး www.passport.gov.mm ဝက်ဆိုဒ်တွင်ဝင်ရောက် လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

အွန်လိုင်းမှ ရက်ချိန်းရယူရာတွင် အိမ်ထောင်စုနှင့် မှတ်ပုံတင်မူရင်းအပြင် UID (Unique Identification Number) လိုအပ်မည်ဖြစ်ပြီး UID မရှိပါက နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်မည်မဟုတ်ကြောင်း မတ်လ ၁၉ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ကြေညာထားသည်။

အွန်လိုင်းမှ QR စနစ်ဖြင့် ရက်ချိန်းရယူရာတွင် နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားမှုနှင့် သက်တမ်းတိုး လျှောက်ထားပါက ငွေကျပ်သုံးသောင်းခွဲ သတ်မှတ်ထားသော်လည်း မြစ်ကြီးနားရုံးခွဲတွင် ငွေးကြေး ထပ်မံကောက်ခံမှုများရှိကြောင်း လျှောက်ထားသူများ၏ပြောပြချက်အရ သိရသည်။

နိုင်ငံကူးလက်မှတ်ပျက်စီး၊ ပျောက်ဆုံးလျှောက်ထားလျင် ငွေကျပ်ကိုးသောင်းတစ်ထောင်နှင့် ပြည်ပနိုင်ငံတွင် ပျောက်ဆုံးသည်ကို လျှောက်ထားပါက အမေရိကန်ဒေါ်လာ ၁၄၀ နှင့်ညီမျှသည့်ငွေကျပ် ကုန်ကျမည်ဖြစ်ပြီး ဝက်ဆိုက်တွင် KBZPay နှင့် MPU Card တို့ဖြင့် ငွေပေးချေရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ်အမျိုးအစား ၉ မျိုးရှိပြီး စီးပွားရေးပတ်စ်ပို့ Business Passport (PB)၊ မှီခိုပတ်စ်ပို့ Dependent Passport (PT)၊ အလုပ်အကိုင်ပတ်စ်ပို့ Job Passport (PJ)၊ ဘာသာရေးပတ်စ်ပို့ Religious Passport (PR)၊ သင်္ဘောသားပတ်စ်ပို့ Seaman Passport (PS)၊ ကျောင်းသားပတ်စ်ပို့ Student Passport (PE)၊ အလည်အပတ်ပတ်စ်ပို့ Visit Passport (PV)၊ သံတမန်ပတ်စ်ပို့ Diplomatic Passport (PD)နှင့် အစိုးရဝန်ထမ်းပတ်စ်ပို့ Official Passport (PO) တို့ဖြစ်သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ