ကန့်ဘလူမြို့နယ်၊ တောင်ဘက်နှင့် မြောက်ဘက်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့ဝင်က ယမန်နေ့နံနက် လေးနာရီခန့်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြောက်ဘက်ခြမ်းရှိ ချပ်ကြီး၊ မြောက်ဘက်ခြမ်းရှိ ညောင်ဇင်လေးနှင့် မကုန်းစသည့်ရွာရှိ စစ်ကောင်စီတပ်စွဲထားသော စခန်းများကိုဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး အချို့နေရာများကို သိမ်းပိုက်ထားပြီးဖြစသည်ဟု မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“ချပ်ကြီးစခန်းကတော့ ဘန်ကာတစ်ခုကျန်တယ်။ ဒီမနက်လေးနာရီလောက်ကစတာ အခုချိန်ထိကို မနားသေးဘူး။ တောင်ဘက်ခြမ်းကတော့ အရင်ကသူတို့မီးရှို့တဲ့ရွာတွေမှာ ထိုင်ထိုင်ထားတာလေ အဲ့စခန်းတွေကိုမှ ကျွန်တော်တို့အဖွဲ့က ပြန်ဝင်သိမ်းတာ။ စခန်းသုံးခုကိုတော့ မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်” ဟုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီအင်အား ၈၀ ခန့်တပ်စွဲထားသော ချပ်ကြီးစခန်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
ယမန်နေ့တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ကလည်း စခန်းမကျရေး လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများရယူနေကြောင်း သူကဆက်ပြောသည်။
“ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်လာပစ်တယ်။ လက်နက်ကြီးတွေလည်းပစ်ကူတာမျိုးတွေရှိတာပေါ့ဗျာ တောင်ဘက်ခြမ်းကိုခုနှစ်ချက်ပစ်တာ နှစ်လုံးမကွဲဘူး၊ ပြီးတော့ ကျွန်းလှ ပေကုန်းရွာထိပ်ကိုလာတည်ပြီးတော့ မြောက်ဘက်(ချပ်ကြီးစခန်းဘက်သို့)လေးချက်ပစ်တယ်” ဟုပြောသည်။
ကျဆုံးခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှာ ဒရုန်းမောင်းသည့် ရဲဘော်တစ်ဦးဖြစ်ကြောင်း သိရသည်။
စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ထိခိုက်သေဆုံးမှုရှိသည်ဟု သိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
ကန့်ဘလူမြို့နယ်၊ ချပ်သင်းနယ်မြေရဲစခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ နှစ်ရက်နေ့က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။
သတင်း – Dureng
ပုံ – ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ (ပုံဟောင်းဖြစ်သည်)
သင့်ထင်မြင်ချက်ရေးပေးပါ