ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ၂၇ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မိုးမောက်မြို့၊ စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ) ၄၃၇ တပ်ကို ယနေ့နေ့လယ် တစ်နာရီက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စခန်းစွန့်ခွာထွက်ပြေးသွားသောကြောင့် KIA ပူးပေါင်းတပ်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီဟု လိုင်ဇာမြို့နေ KIA တပ်ဖွဲ့တစ်ဦးက The 74 Media ကိုပြောသည်။

“တပ်စခန်းနေရာအနှံ့ရှင်းလင်းရေးလုပ်ပြီး သိမ်းလိုက်နိုင်ပြီတဲ့၊ သုံးနာရီလောက်မှာ တပ်စခန်းအနှံ့ဝင်ကြည့်ပြီးပြီ သိမ်းလိုက်နိုင်ပြီလို့ သတင်းပို့လာတယ်။ စစ်ကောင်စီတွေ တကွဲတပြားထွက်ပြေးသွားပြီတဲ့။ ဘယ်လောက် ဖမ်းမိတယ်ဆိုတာတော့ မသိရပါဘူး” ဟုပြောသည်။

စစ်ကောင်စီစစ်သုံ့ပန်း (၃) ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ကြားသိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

မိုးမောက် (ခ.မ.ရ) ၄၃၇ တပ်၏ စစ်ကြောင်းမှူးထွက်ပြေးသွားသောကြောင့် စခန်းတိုက်ခိုက်သိမ်းပိုက်နိုင်ရန် ရာခိုင်နှုန်းများပြီး အတည်ပြုချက်မရရှိသေးကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“သိမ်းနိုင်တယ်ဆိုတဲ့သတင်းပေးချက်ကတော့မရဘူး။ အဲဒီမှာတာဝန်ယူနေတဲ့ စစ်တပ်က စကမှူးတွေလည်း ထွက်ပြေးသွားတယ်လို့ သတင်းကတော့ရပါတယ်။ စကမှူးတွေ ထွက်ပြေးသွားလို့ရှိရင်တော့ သိမ်းနိုင်တဲ့အနေထားဘက်ကတော့များတော့ များနေပါတယ်” ဟုပြောသည်။

အဆိုပါ (ခမရ) ၄၃၇ တပ်စခန်းကို ပြီးခဲသည့် ဇူလိုင်လ ၂၁ ရက်နေ့က တကြော့ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗန်းမော်အခြေစိုက် စစ်ကောင်စီတပ်စခန်းများက လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်ခဲ့သောကြောင့် ယနေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

မိုးမောက်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရာထူးအကြီးပိုင်းများ စခန်းစွန့်ထွက်ပြေးခဲ့ပြီး အသေခံတပ်ဖွဲ့ဝင်များကို KIA ပူးပေါင်းတပ်ကရှင်းလင်းခဲ့ကြောင်း KIA တပ်မဟာ (၃) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စခန်းထဲကိုဝင်နေပြီ၊ ရှင်းလင်းရေးလုပ်နေကြတယ်၊ တချို့ကတော့ ထွက်ပြေးသွားနိုင်ကြပြီ။ အရေးကြီးတဲ့သူတွေကတော့ ဗန်းမော်ဘက်ကိုထွက်ပြေးဖို့အတွက် တံခါးဖွင့်ထားတဲ့အခြမ်းဘက်ကနေ ထွက်ပြေးသွားကြပြီတဲ့။ စခန်းထဲမှာကျန်ခဲ့တဲ့ ပစ်နေသေးတဲ့ အသေခံတပ်သားတွေကိုတော့ ရှင်းလင်းလိုက်ပြီတဲ့” ဟုပြောသည်။

တိုက်ပွဲအခြေအနေအသေးစိတ်ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဗန်းမော်မြို့ဘက်မှ လက်နက်နှင့် လူအင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းကိုလည်း ယနေ့နံနက် သုံးနာရီခန့်က ၆ မိုင်နှင့် ၇ မိုင်ကြားတွင် KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကားလေးစီးနှင့် တင့်ကားတစ်စီးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

သတင်း – Thu Ta၊ Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ