စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး နဘားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအချို့ကိုသိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် အင်းတော် – နဘား – ကသာ လမ်းဆုံနှင့် နဘားကျေးရွာ ဘုန်းကြီးကျောင်းတို့ကို ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်နေ့ကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“၁၆ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေတယ်ဗျ။ အင်းတော်နဲ့အတူတူပဲ တစ်ချိန်တည်းဖြစ်တာ။ နဘားလမ်းဆုံနဲ့ ရဲစခန်းတော့သိမ်းပြီးပြီ။ အရှင်တစ်ယောက်ဖမ်းမိ၊ လက်နက်အနည်းငယ်ရရှိ။ အတိအကျတော့ မသိရသေးဘူး” ဟုဆိုသည်။

နဘားလမ်းဆုံနှင့် ၄ မိုင်ခန့်အကွာ အင်းတော်မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်က ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်နေ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့အချိန်ထိတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့်လေးရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကိုပါပစ်ခတ်ခဲ့‌သောကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများရှိကြောင်း အင်းတော်ဒေသခံတစ်ဦးက ဆိုသည်။

“အင်းတော်မြို့ထဲတွေ၊ နဘားဘက်တွေနောက်ပြီး နတ်မဟုတ်ကြီး အဲဒီရွာဘက်တွေကြဲချသွားတယ်။ ဂျက်ဖိုက်တာနဲ့လာတယ်။ Y 12 ထောက်ပို့ဗုံးကြဲလေယာဉ်လာတယ်။ အဲဒီနှစ်ခုပေါင်းကို ဗုံးသီးအလုံး ၂၀ ကျော်လောက် ကြဲချသွားတယ်။ အရပ်သားထိခိုက်သေဆုံးမှုရှိတယ်” ဟုဆိုသည်။

အရပ်သားထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး The 74 Media က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ပြီး အင်းတော်မြို့နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအားလုံး ဖြတ်တောက်ခံထားသည့်အတွက် မြေပြင်အခြေနေသေးစိတ်ကို သိရှိနိုင်ရန်ခက်ခဲနေဆဲဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေသောကြောင့် မြို့ခံလူဦးရေနှစ်သောင်းခန့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အင်းတော်မြို့အတွင်းတွင် စစ်ကောင်စီတပ်မ ၇၇ တပ်ဖွဲ့ဝင်များအပြင် ရှမ်းနီ SNA နှင့် ပျူစောထီးအဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားပြီး လက်ရှိအချိန်ထိတိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့က မြစ်ကြီးနား – မန္တလေးလမ်း အင်းတော်မြို့အဝင်နှင့် မဲဇာကျေးရွာအနီးတို့တွင် စစ်ရေးအခြေအနေကြောင့်ဟုဆိုကာ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၆ နာရီခန့်ကစပြီး ဖြတ်သန်းသွားလာခွင့် အားလုံးပိတ်လိုက်ပြီဖြစ်သည်။

 

သတင်း – Thu Ta

ပုံ – ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လက အင်းတော်မြို့နယ် နဘားလမ်းဆုံတွင် KIA နှင့် PDF ပူးပေါင်းတပ်များကို တွေ့ရစဉ်

သင့်ထင်မြင်ချက်ရေးပေးပါ