ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် စားနပ်ရိက္ခာများပြတ်လပ်နေသဖြင့် ဆန်တစ်အိတ် ကျပ်ဆယ်သိန်းကျော်အထိပေးဝယ်နေရသော်လည်း ရောင်းချသူမရှိကြောင်း သိရသည်။
ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ လူဦးရေ၏ထက်ဝက်ခန့်မှာ ဆန်ပြတ်လတ်မှုဒဏ်ခံစားနေရပြီး ပန်နန်းဒင်မြို့နယ်တွင် ဆန်ရောင်းချမည့်သူမရှိကြောင်း နောင်မွန်ဒေသခံ လယ်သမားတစ်ဦးက The 74 Media ကို ပြောသည်။
“အခြေခံစားသောက်ကုန်က ပြတ်သလောက်ဖြစ်နေပြီလေ တော်တော်လေးကို ဒုက္ခရောက်ကြတယ်။ ခေါင်လန်ဖူးမြို့ပေါ်မရောက်ဘူး ကြားထဲကရီဒမ်းတစ်ကြောမှာ ဆန်တစ်အိတ် ခြောက်သိန်းလောက်ရှိနေပြီအခုက။ ဟိုတစ်နေ့က ကျွန်တော်တို့ကြားရတဲ့သတင်း ကလေးတွေကို ကျွေးစရာမရှိလို့ မိဘတွေကနည်းနည်းတောင်ကြောင်သွား၊ ရူးသွားတဲ့သူတွေရှိတယ်တဲ့” ဟုပြောသည်။
ပန်နန်းဒင်မြို့နယ်တွင် ဆန်တစ်အိတ်လျှင် ကျပ်ဆယ်သိန်းခန့်ပေါက်ဈေးရှိပြီး ဒေသခံပြည်သူများက ဆန်ပြတ်လပ်မှုကြုံနေရသဖြင့် ဒေသထွက်အစားအစာများကိုသာစားနေရကြောင်း သူကဆက်ပြောသည်။
“ဒေသအစားအစာတော့ အဓိက အူလိုင်တို့၊ ပြောင်းတို့ နည်းနည်းပါးပါးရှိမယ်။ အဲ့တာတွေလည်း ရက်ရှည်စားလို့တော့ သိပ်အဆင်မပြေဘူး။ ဆန်နဲ့ရောစားမှ သူတို့ကိုပဲစားရင်အာဟာရလည်းမရှိဘူး နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေဖြစ်လာနိုင်တာပေါ့နော်” ဟုပြောသည်။
ခေါင်လန်းဖူးမြို့နယ်၊ နောင်မွန်မြို့နယ်နှင့် ပန်နန်ဒင်မြို့နယ်ခွဲရှိ ဒေသခံပြည်သူများက နှစ်စဉ် မတ်လမှမေလအတွင်း မိုးရာသီအတွက် ရိက္ခာစုဆောင်းလေ့ရှိသော်လည်း ပြီးခဲ့သည့် ဧပြီလက မိုးများသောကြောင့် တောင်ပြို၊ လမ်းပြိုပြီး ကုန်ကားများရောက်ရှိနိုင်ခြင်း မရှိတော့သဖြင့် ရိက္ခာပြတ်လပ်မှုနှင့်ကြုံနေရခြင်းဖြစ်သည်။
အဆိုပါမြို့နယ်များမှာ အအေးပိုင်းဒေသဖြစ်သောကြောင့် ဆန်၊ စပါးမဖြစ်ထွန်းကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။
မြစ်ကြီးနား – ပူတာအိုလမ်းပိတ်သဖြင့် ပူတာအိုတွင် စက်သုံးဆီနှင့် ဘိလပ်မြေ ပြတ်နေသောကြောင့်ဟုဆိုကာ လမ်းပြင်ရန်ကန်ထရိုက်ရယူထားသည့် ဆောက်လုပ်ရေးလုပ်ငန်းများကလည်း လုပ်ငန်းရပ်ဆိုင်းထားကြောင်း ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောသည်။
“ဘိလပ်မြေတင်လို့မရလို့ ဆောက်လုပ်ရေးတွေလည်း အကုန်နားလိုက်ပြီ လမ်းလုပ်တဲ့သူတွေလည်း အကုန်လုံးပဲ ဒီနှစ်ကျတဲ့ဘတ်ဂျက်တွေ အကုန်ပြန်အမ်းလိုက်ပြီလို့ ထွေအုပ်ဘက်ကနေကြားရတယ်။ အဲ့ဘက်က တောင်ယာတွေမလုပ်ဘဲနဲ့ ရှောကောပဲရောင်းပြီးတော့ ဆန်တွေပြန်ဝယ်စားအဲ့လို အခုလို(လမ်းပိတ်)ဖြစ်သွားတော့ ဝယ်မဲ့နေရာမရှိတော့တာ။ ဒီနှစ်ကတော့ တိုက်ပွဲကြောင့် ရှောကောတွေလည်း ရောင်းလို့မရကြဘူး” ဟုပြောသည်။
ပူတာအိုမြို့တွင် လက်ရှိ ဘိလပ်မြေတစ်အိတ် ကျပ်တစ်သိန်းခန့်ပေးရကြောင်း ဒေသခံအချို့၏ပြောပြချက်အရ သိရသည်။
အရပ်ဖက်လူမှုအဖွဲ့အစည်းများပူးပေါင်းကော်မတီ – ပူတာအိုဟူသောအဖွဲ့အစည်းက ဦးဆောင်ကာ ပူတာအိုခရိုင်အတွင်းရှိ ရိက္ခာပြတ်လပ်နေသောနေရာများသို့ သွားရောက်လှူဒါန်းရန် လိုက်လံဝယ်ယူရာတွင်လည်း ရောင်းချသည့်နေရာမရှိခြင်းနှင့် စက်သုံးဆီပြတ်လပ်နေခြင်းတို့ကြောင့် အခက်အခဲကြုံနေရကြောင်း သိရသည်။
ခေါင်လန်ဖူးမြို့သည် ပူတာအိုမြို့မှ ၁၁၅ မိုင်ခန့်အကွာတွင်တည်ရှိပြီး ကားဖြင့်နှစ်ရက်ခန့်သွားရကာ ယခင်ကားလမ်းမရှိချိန်က မြင်းများ၊ လားများနှင့် မြည်းများကိုအသုံးပြုကာ မချမ်းဘော့မြို့နှင့် ပူတာအိုမြို့မှ ကုန်ပစ္စည်းများ သယ်ယူလေ့ရှိကြောင်း သိရသည်။
သတင်း – Dureng
ပုံ – မြစ်ကြီးနားမြို့ရှိ ဆန်ဆိုင်တစ်ဆိုင်
သင့်ထင်မြင်ချက်ရေးပေးပါ