မြစ်ကြီးနားမြို့ရှိ အောက်ဆီဂျင်ဖြည့်ပေးသည့် စက်ရုံများတွင်စက်ချို့ယွင်းနေသောကြောင့် အလုံအလောက်ရရှိရန် ခက်ခဲနေကြောင်း သိရသည်။

အောက်ဆီဂျင်လိုအပ်သည့်အချိန်တိုင်းရရှိရန် ခက်ခဲနေသည်မှာ တစ်လခန့်ရှိပြီဖြစ်ပြီး ပုံမှန်အသုံးပြုနေရသည့် လူနာများအတွက် ပိုမိုခက်ခဲလာနေခြင်းဖြစ်သည်ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ရေကြီးပြီးကတည်းက သိပ်မမှန်တော့ဘူး အခုပိုမရလာတာက ၁၅ ရက်၊ ရက် ၂၀ လောက်ရှိပြီ။ အောက်ဆီဂျင် အချိန်မှီမရတော့ ပုံမှန်ရှူနေရတဲ့သူတွေ အခက်အခဲအများကြီးရှိနေတယ်။ ဟိုနေ့ကဆိုရင် တစ်ယောက် ဆုံးသွားတယ်။ အောက်ဆီဂျင်စက်နဲ့ ဆိုရင်လည်း မီးမလာရင်မရပြန်ဘူး။ စက်နိုးဖို့ဆိုရင်လည်း ဆီဈေးကတက်နေတော့ တော်တော်လေးဒုက္ခရောက်တယ် ကျွန်တော်တို့ပရဟိတအဖွဲ့တွေလည်း” ဟုပြောသည်။

လူမှုကူညီရေးအသင်းများတွင်လည်း အောက်ဆီဂျင်ပြတ်လပ်နေသောကြောင့် အပြင်ဆိုင်များမှ ဝယ်ယူအသုံးပြုနေရပြီး အိုးအပြည့်မပါသောကြောင့် အခက်အခဲကြုံရကြောင်း နေ့စဉ်အောက်ဆီဂျင်အသုံးပြုနေရသည့်လူနာ၏ မိသာစုဝင်တစ်ဦးကပြောသည်။

“တစ်ဖက်ကုတင်ကလူနာဖြစ်တာ အောက်ဆီဂျင်အပြင်ကဝယ်တာလို့ပြောတယ် လေပေါင်လို့ပြောမလား အပြည့်မပါလို့ ညအောက်ဆီဂျင်ပြတ်ပြီဒုက္ခရောက်တာ။ ကျွန်မတခြားမှာလိုက်အကူအညီတောင်းပြီး အပို ရှာထားတာရှိနေလို့ ချေးပေးလိုက်တယ်။ ဆေးရုံမှာမရှိဘူး လူနာရှင်ကကိုယ်တိုင်ရှာရတာ လူနာက ၂၄ နာရီ အောက်ဆီဂျင်ပေးထားရတော့ ပြတ်လို့မရဘူး” ဟုပြောသည်။

မြစ်ကြီးနားမြို့တွင် အောက်ဆီဂျင်ဖြည့်နိုင်သည့် စက်ရုံလေးခုခန့်ရှိသော်လည်း အချိန်ပြည့်လည်ပတ်နိုင်ခြင်း မရှိကြောင်း သိရသည်။

ရေကြီးရေလျှံပြီးနောက် ဇူလိုင်လဆန်းပိုင်းမှစတင်ကာ မြစ်ကြီးနားမြို့ရှိ စက်ရုံအချို့တွင် အောက်ဆီဂျင် ပြတ်လပ်နေခြင်းဖြစ်ပြီး အချို့စက်ရုံများမှာလည်း မီးပုံမှန်မရသောကြောင့် ပုံမှန်လည်ပတ်နိုင်ခြင်း မရှိတော့ကြောင်း အခြားလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“စက်ရုံအကုန်မှာပြတ်နေတယ်။ တချို့ကရေဝင်ထားတဲ့ စက်ရုံတွေရှိတယ် ရေဝင်ထားတော့ စက်တွေ အလုပ်မလုပ်တော့ အောက်ဆီဂျင်ဖြည့်လို့လည်းမရဖြစ်နေတယ်။ တချို့ကတော့ မီးပြတ်တာနဲ့ မီးအားမလောက်လို့ မလည်ပတ်နိုင်တာရှိတယ်။ ပေးရမယ့်သူများတော့မလောက်ဘူး ဖြစ်နေတယ်” ဟုပြောသည်။

လက်ရှိအချိန် ပရဟိတအသင်းများအနေဖြင့် လူနာများကို ပုံမှန်ကူညီပေးနိုင်ခြင်းမရှိသော်လည်း အောက်ဆီဂျင် အရေးပေါ်လိုအပ်သူများအတွက် အသက်ရှူစက် (Ventilator) ငှားရမ်းပေးခြင်းနှင့် ဂက်(စ်)ဖြည့်သည့်ဆိုင်များတွင် သွားဖြည့်ကာ ကူညီဖြေရှင်းပေးနေကြောင်း သိရသည်။

 

သတင်း – Doi Awng

ဓါတ်ပုံ – ချီဆောင်ခြင်းလူမှုကူညီရေးအသင်း (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ