စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာနှစ်ခုတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့ကြောင်း သိရသည်။

လောင်းမင်းကျေးရွာကို စစ်ကောင်စီပူးပေါင်းတပ်က ဩဂုတ်လ ၂၁ ရက်နေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေးပူးပေါင်းတပ်က တပ်ဆုတ်ခဲ့ပြီးနောက် ပြန်လည် တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“လောင်းမင်းက အရင်တည်းကကျွန်တော်တို့ သိမ်းပိုက်ထားခဲ့တာပါ။ သူတို့အင်အားအလုံးအရင်းနဲ့ ပြန်ထိုးစစ်ဆင်တဲ့အချိန် အင်အားမမျှတာနဲ့ ခဏဆုတ်ခွာပေးခဲ့ရတယ်။ အခုတော့ကျွန်တော်တို့ ပြန်သိမ်းပိုက်ထားပါတယ်” ဟုပြောသည်။

အဆိုပါ စစ်ကောင်စီပူးပေါင်းတပ်မှာ အင်အား ၁၀၀ ခန့်ပါရှိပြီး ဖလက်ခွံ တစ်စီးနှင့် စစ်သင်္ဘော နှစ်စီးဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း သူကသည်။

ယမန်နေ့က လောင်းမင်းကျေးရွာအပြင် ဆပ်ကယားကျေးရွာတွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခန္တီးခရိုင် အမှတ် – ၁ တပ်ရင်းမှ ရဲဘော်တစ်ဦးဖမ်းဆီးက ခေါင်းဖြတ်သတ်ခံခဲ့ရပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။ 

“အဲ့ရွာ(ဆပ်ကယား)ဘက်မှာ စစ်ရေးကတော့ ဆက်လက်တင်းမာနေဆဲပေါ့။ နှစ်ဖက် စစ်ဆိုင်ထားတဲ့ အခြေအနေပါ သိမ်းနိုင်တာမရှိပါဘူး။ ရဲဘော်တစ်ယောက် ခေါင်းဖြတ်သတ်ခံရတာကတော့ ဆပ်ကယားတိုက်ပွဲဗျာ။ ရန်သူ(စစ်ကောင်စီ)ကအလစ်ဝင်ထိုးစစ်ဆင်လာလို့ ပြန်ဆုတ်ခွာတဲ့အချိန် ရန်သူ့ကျည်က နောက်ကျောရိုးကိုထိပြီး ဒဏ်ရာရသွားတော့ မလှုပ်ရှားနိုင်တော့တဲ့အချိန်မှာ ဖမ်းဆီးပြီး ခေါင်းဖြတ်သတ်လိုက်တာပါ” ဟုပြောသည်။

လောင်းမင်းကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၀ လောင်းနှင့် SNA ၅ ဦး ဖမ်းဆီးရမိကာ လက်နက်ငယ် ၁၀ လက်၊ ကျည်မျိုးစုံ ၁၁၈၄ တောင့်၊ ဗုံးသီး ၆ လုံးနှင့် ကျည်အိမ် ၂၁ ခု သိမ်းဆည်းရရှိခဲ့ပြီး ဆပ်ကယားကျေးရွာတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့ကြောင်း အမှတ် – ၁ စစ်ဒေသက ယနေ့ထုတ်ပြန်ခဲ့သည်။

ခန္တီးခရိုင် တပ်ရင်း – ၂၊ အထူးလှုပ်ရှား တပ်ရင်း -၂၊ တပ်ရင်း – ၈၊ မော်လိုက်ခရိုင် တပ်ရင်း – ၃ နှင့် တိုက်နယ်လေးပကဖပူးပေါင်းအဖွဲ့တို့က လောင်းမင်းကျေးရွာကို ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဆပ်ကယားရွာတိုက်ပွဲကို ခန္တီးခရိုင် တပ်ရင်း – ၁၊ တပ်ရင်း – ၃၊ အထူးလှုပ်ရှားတပ်ရင်း – ၈ နှင့် တပ်ရင်း ၉ ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့အထက်ပိုင်းရှိ လောင်းမင်းကျေးရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က၂၀၂၃ နှစ်ကုန်ပိုင်းက တစ်ကြိမ် သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရွှေပြည်အေးမြို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

 

သတင်း – Dureng

ဓာတ်ပုံ – အမှတ် – ၁ စစ်ဒေသ

သင့်ထင်မြင်ချက်ရေးပေးပါ