ဆေးဆိုင်ကြီးများက လက်ကားရောင်းချပေးခြင်းရပ်တန့်လိုက်ပြီး ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များနှင့် ဆေးပေးခန်းများတွင် သာမန်အိမ်သုံးဆေးမှအစ နာတာရှည်ရောဂါအတွက်ဆေးများအပါအဝင် ပြတ်လပ်လာနေကြောင်း သိရသည်။

ဆိုင်အများစုတွင် ဆေးပြတ်နေပြီး တစ်နေရာတည်းတွင် လိုအပ်သည့်ဆေးများအားလုံး မရနိုင်သောကြောင့် လိုက်လံရှာဖွေဝယ်ယူနေရသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။
 
“ဒီနေ့ဆေးလိုက်ဝယ်တာ သုံးမျိုးကို ဆေးဆိုင်နှစ်ဆိုင်သွားရတယ်။ ဆေးကပြတ်နေတာများတယ် Net B အာရုံကြောအားဆေးလေ ဆိုင်ကြီးမှာမရှိဘူး။ ယာနာလိမ်းဆေးလိုမျိုးဆို လိုက်ပတ်ရှာဝယ်ရတယ်။ နှလုံးဆေးတော့ ရပ်ကွက်က ဆိုင်အသေးတွေမှာ လိုက်ရှာဝယ်ရင်ရသေးတယ်” ဟုပြောသည်။
 
ရောင်းချပေးနေသောဆေးအချို့မှာလည်း ဈေးမြင့်တက်သွားပြီး ဓါတ်ဆားတစ်ထုပ် ၁၃၀၀ ကျပ်၊ Ensure တစ်ဘူးကို ဇူလိုင်လကုန်ပိုင်းက ကျပ်တစ်သိန်းသုံးသောင်းခန့်ပေးရရာမှ လွန်ခဲ့သည့်အပတ်က ကျပ်တစ်သိန်းရှစ်သောင်းသို့ ရောက်ရှိသွားကြောင်း သူကပြောသည်။
ငွေဈေးမတည်ငြိမ်သောကြောင့်ဟုဆိုကာ ဆေးဆိုင်ကြီးများက လက်ကားရောင်းချပေးခြင်း ရပ်နားထားသည်မှာ နှစ်ပတ်ကျော်ရှိပြီဖြစ်သောကြောင့် ဆေးဝါးအချို့ပြတ်လပ်နေပြီး လက်ကျန်ဆေးများကိုသာ ရောင်းချပေးနေသည်ဟု အင်ဂျန်ဒုံရပ်ကွက်မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
 
“ကျွန်မတို့သွားဝယ်တဲ့အခါ မရောင်းပေးတော့ဘူး။ ဒီတလော ဒေါ်လာဈေးမငြိမ်လို့ ရောင်းပေးလို့မရဘူးလို့ ပြောတယ်။ ဒေါ်လာဈေးက အတက်အကျမြန်နေတဲ့ထဲမှာ အတက်ကပိုများနေတယ်လို့ပြောတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေအဆက်အသွယ်မရလို့ သူတို့ဘက်ကနေ ကျွန်မတို့ကို အများကြီးရောင်းပေးလိုက်ရင် သူတို့ပြန်ဝယ်တဲ့အခါဈေးပြန်တက်နေမှာတွေ စိုးရိမ်နေတယ်ထင်တယ်” ဟုပြောသည်။
 
ထို့အပြင် စစ်ဆေးရေးဂိတ်များကလည်း ဆေးဝါးများကို ဖြတ်သန်းခွင့်မပြုသောကြောင့် လိုအပ်သည့်ဆေးများရရှိရန် ခက်ခဲနေခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ပြင်မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
 
“လမ်းမှာဖမ်းထားတယ်တဲ့ ဂိတ်တွေက မဖြတ်ခိုင်းတော့ ဒီဘက်ဆေးပြတ်လပ်လာတာဟုတ်တယ်။ ဆေးကုမ္မဏီတွေများတော့ မရတဲ့ဟာတွေကို အာနိတင်တူတဲ့ဟာတွေ ပြန်မှာယူပြီးပေးတာတွေရှိတယ်။ အဖျားတက် နှာစီးချောင်းဆိုးတဲ့သူတွေအတွက်တော့ ပုံမှန်ရောင်းချပေးနေလို့ နည်းနည်းသက်သာသေးတယ်” ဟုပြောသည်။
 
မြစ်ကြီးနားမြို့တွင် ပိုးသတ်ဆေး၊ ဝမ်းပိတ်ဆေးနှင့် ထိုးဆေးအချို့ ဝယ်ယူရရှိရန်ခက်ခဲနေကြောင်း မြို့ခံအချို့၏ပြောပြချက်အရသိရပြီး ကျောက်ကပ်၊ သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် အာရုံကြောကဲ့သို့သော ကာလရှည်စွဲသောက်ရသည့်ဆေးဝါးများကို အာနိသင်တူဆေးများ အစားထိုးသောက်သုံးနေရာမှ ပြတ်လပ်သွားမည်ကို စိုးရိမ်နေကြသည်။
 
ကချင်ပြည်နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး ဘဏ်လုပ်ငန်းများရပ်တန့်သည်မှာ တစ်လကျော်လာပြီဖြစ်ပြီး မြစ်ကြီးနား – မန္တလေးလမ်းပိတ်နေသည်မှာလည်း ၁၀ ရက်ခန့်ရှိပြီးနောက် ဒေသခံပြည်သူများမှာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စားသောက်ကုန်ပြတ်လပ်ခြင်းနှင့် ဆေးဝါးပြတ်လပ်ခြင်းများ ကြုံတွေ့နေရသည်။
 
သတင်း – Doi Awng
ပုံ – ၂၀၂၀ ခုနှစ်က မြင်တွေ့ရသည့် မြစ်ကြီးနားမြို့ရှိ ဆေးဆိုင်တစ်ခု
သင့်ထင်မြင်ချက်ရေးပေးပါ