နိုင်ငံရေးအရ အရေးပေါ်အခြေအနေဖြစ်ပေါ်ခြင်းကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းနေခြင်းမှာ ပညာတတ်နည်းပါးလာခြင်းကြောင့်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြောင်း ယနေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

မန္တလေးမြို့ ပညာရေးဒီဂရီကောလိပ်ရှိ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့က တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မဲမသမာမှုကြောင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေဖြစ်ပေါ်ခြင်းကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းဖြင့် ဖြေရှင်းရန် လုပ်ဆောင်လာခြင်းကို သုံးသပ်ရမည်ဆိုပါက နိုင်ငံ၌ပညာတတ်နည်းပါးခြင်းကြောင့်ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကျိုးကိုမကြည့်ဘဲ လက်နက်ကိုင်အကြမ်းဖက်မှုများဖြင့် နိုင်ငံတော်၏အနာဂတ်ကို ဖျက်ဆီးနေကြခြင်းပင်ဖြစ်ကြောင်း” ဟုပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စာရင်းများအရ စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ရဲ၊ စစ်သားနှင့် ဝန်ကြီးဌာနအသီးသီးမှဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း လေးသိန်းကျော်ရှိပြီး ပညာရေးဝန်ထမ်း တစ်သိန်းလေးသောင်းခန့်ပါဝင်ကြောင်းသိရသည်။

တိုင်ပြည်ပြုပြင်ပြောင်းလဲရေးကာလအတွင်း မဲမသမာမှုခေါင်းစဉ်ဖြင့် စစ်တပ်က အာဏာသိမ်းခဲ့ခြင်းသာ ပညာမဲ့သည့်လုပ်ရပ်ဖြစ်ကြောင်း ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကပြောသည်။

“တိုင်းပြည်ပြုပြင်ပြောင်းလဲရေး ကာလ ၁၀ နှစ်ပဲရှိသေးတဲ့အချိန် မဲသမမာမှုခေါင်းစဉ်နဲ့ လက်နက်အားကိုးပြီး အာဏာသိမ်းတာကမှ ပညာမဲ့တဲ့လုပ်ရပ်ပါ။ နိုင်ငံရဲ့ အညွှန့်တလူလူတက်နေတဲ့လူငယ်တွေကို လက်နက်စွဲကိုင်တော်လှန်ဖို့ တွန်းအားပေးခဲ့တဲ့သူကမှ ပညာမဲ့တဲ့ စစ်အာဏာရှင်ကိုင်တိုင်ပဲဖြစ်တယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် တိုင်းပြည်၏ ကဏ္ဍအသီးသီးကို ခြုံငုံသုံးသပ်ကြည့်ပါက အဘက်ဘက်တွင် အဆိုးဝါးဆုံးအခြေအနေသို့ရောက်ရှိနေသဖြင့် စစ်အာဏာသိမ်းသည့် စစ်ခေါင်းဆောင်အပြင် အုပ်စုတစ်ခုလုံးသည် တိုင်ပြည်ကို စီမံခန့်ခွဲရန် လုံလောက်သည့်ပညာမတတ်သည်ကို တွေ့မြင်နိုင်သည်ဟု သူကဆက်ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာ‌နေသည့် မန္တလေးတိုင်းအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရောက်ရှိခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့တွင် သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

 

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ