KIA တိုက်ခိုက်သိမ်းပိုက်ထားသောတပ်စခန်းသို့ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုး လှုပ်ရှားနေသောကြောင့် ဗန်းမော်မြို့ပြင်တွင် မကြာခဏတိုက်ပွဲများဖြစ်ပွားနေကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။

မိုးမောက်မြို့ပြင်ရှိ KIA သိမ်းယူထားသည့် ခ.မ.ရ (၄၃၇) တပ်စခန်းပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်က ဗန်းမော်မြို့မှစစ်ကြောင်းထိုးလာသောကြောင့် ဗန်းမော်နှင့် မိုးမောက်ကြားတွင် မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကို ပြောသည်။

“ဗန်းမော်ဘက်ကနေ စကစတွေ (စစ်ကြောင်း)ပြန်ထိုးတဲ့သဘောရှိတယ်၊ လှုပ်ရှားနေတာ။ တစ်ခါတလေကျတော့ သူတို့ကလက်နက်ကြီးနဲ့ပစ်၊ ဒရုန်းနဲ့လာပစ်တာ၊ တစ်ခါတလေကျတော့ ခြေချင်နဲ့လည်းတက်လာပြီးတော့ တိုက်ပွဲတွေဖြစ်တယ်။ ဆိုတော့အဲဒီဖက်ကတော့ စစ်ရေးအခြေအနေတင်းမာတဲ့အနေအထားဖြစ်ပါတယ်။ အားလုံး တည်ငြိမ်တဲ့အနေအထားတော့မရှိသေးပါဘူး” ဟုပြောသည်။

စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့မှာ ၅ မိုင် စီးအင်းကျေးရွာနှင့် ၆ မိုင်အနီးတစ်ဝိုက်တွင် မကြာခဏ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

ထို့အပြင် မံစီနှင့် ဗန်းမော်မြို့ကြားရှိ ကောင်ဂျာယန်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသောကြောင့် ယမန်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သူကဆက်ပြောသည်။

“မနေ့ မနက်ပိုင်းကတော့ ထိုးပြီးမှတိုက်ပွဲတွေရှိတယ်တဲ့။ နေ့လယ်ကနေပြန်ဆုတ်သွားတယ်။ ဒီနေ့ နေ့လယ်အထိတော့ အဲဒီဘက်က ဘာမှသတင်းမကြားရဘူး။ တိုက်ပွဲမရှိဘူးလို့ပြောတာပေါ့။ ဒါပေမယ့် အဲဒီဘက်မှာလည်း တည်ငြိမ်တဲ့သဘောတော့မဟုတ်ဘူးပေါ့နော်” ဟုဆိုသည်။

လက်ရှိအချိန်ဖြစ်ပွားနေသောတိုက်ပွဲများမှာ ဗန်းမော်မြို့အတွင်းသို့ KIA တပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ မြို့ပြင်ရှိ KIA တပ်ဖွဲ့ဝင်များရှိရာနေရာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလှုပ်ရှားလာသောကြောင့် ခုခံတိုက်ခိုက်နေခြင်းသာဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူကဆိုသည်။

ဗန်းမော်မြို့လုံခြုံရေးအတွက် အဓိကအရေးပါသည့် ခ.မ.ရ (၄၃၇) တပ်စခန်းကျသွားပြီးနောက် ဗန်းမော်မြို့အတွင်းရှိ စစ်ကောင်စီတပ်များက မကြာခဏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေသောကြောင့် မြို့အတွင်းရှိ နေအိမ်များပေါ်သို့ကျရောက်ပေါက်ကွဲနေသဖြင့် ဒေသခံပြည်သူထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့အပါအဝင် ကချင်တစ်ပြည်နယ်လုံးကို စစ်ကောင်စီက ဖုန်းနှင့် အင်တာနက်လိုင်းများအားလုံး ဖြတ်တောက်ထားသည်မှာ တစ်လကျော်ရှိပြီဖြစ်သောကြောင့် မြေပြင်အခြေအနေအသေးစိတ်ကို သိရှိနိုင်ရန် ခက်ခဲနေသည်။

ခ.မ.ရ (၄၃၇) တပ်စခန်းကို သိမ်းပိုက်ပြီးနောက် မိုးမောက်မြို့နယ်ကို KIA က ထိန်းချုပ်ထားသောကြောင့် ဗန်းမော်ခရိုင်တွင် ဗန်းမော်မြို့အတွင်းရှိ တပ်စခန်းများနှင့် မြို့တောင်ဘက်ရှိ မံစီမြို့နယ်တွင် ခ.မ.ရ (၃၁၉) နှင့် ခ.မ.ရ (၆၀၁) တို့သာ ကျန်ရှိတော့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာနေသောကြောင့် ဗန်းမော်မြို့ အဝင်၊ အထွက် ကားလမ်းများအားလုံးပိတ်ထားပြီး လေကြောင်းတစ်ခုဖြင့်သာ သွားလာ၍ရကြောင်း သိရသည်။

 

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ