နှစ်လခန့်ကြာကုန်သွယ်မှုရပ်နားခဲ့ရသည့် မြစ်ကြီးနား – ပူတာအိုလမ်းတွင် ယမန်နေ့မှစတင်ကာ ကုန်တင်ကားအချို့ ပြန်လည်သွားလာနေပြီဖြစ်ကြောင်း သိရသည်။

ဆန်အိတ်များတင်ဆောင်ထားသော တုန်ဟုန်းကားလေးစီး ပူတာအိုသို့ တက်သွားကြောင်း အဆိုပါလမ်းတွင် လုံခြုံရေးယူပေးနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဆန်သယ်တဲ့ကားတွေသွားနေပြီ။ ကားအရမ်းကြီးတော့မများဘူး ဆန်အိတ်တွေ အပြည့်ပြည့် တင်ထားတယ်။ ကုန်တင်ထားတဲ့ ပုံစံကိုကြည့်ရတာ ပူတာအိုထိသွားမယ့်ပုံပဲ။ ပူတာအိုဘက်ကနေ ပြန်ဆင်းလာတဲ့ကားတွေလည်းတွေ့တယ်။ အဲ့ကားတွေကတော့ အလွတ်ပဲနှစ်စီးတွေ့တယ်” ဟုပြောသည်။

အဆိုပါလမ်းပိုင်းတွင် အိမ်စီးကားကဲ့သို့သော ကုန်တင်ကားအသေးများမှာ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့မှစတင်ကာ သွားလာနေကြောင်း သူကပြောသည်။

မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအိုလမ်းမှာ တိုက်ပွဲကြောင့် သုံးလကြာပိတ်ထားခဲ့ရာ ဇွန်လ ၈ ရက်နေ့တွင် နှစ်ဖက်တပ်များပြန်ဖွင့်ခဲ့ပြီးနောက် ဇွန်လကုန်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုကြောင့် လမ်းတံတားများပျက်စီးခဲ့သဖြင့် ဖြတ်သန်းသွားလာမှု ရပ်နားထားခဲ့ရခြင်းဖြစ်သည်။

လက်ရှိအချိန်ထိလည်း အဆိုပါလမ်း ဆွမ်ပရာဘွမ်မြို့နှင့် ဆွမ်ပီယာန်ကျေးရွာကြား နေရာအချို့တွင် ဆိုင်ကယ်ဖြင့်သာသွားလာနိုင်သောကြောင့် ကုန်ပစ္စည်းများကို ကဲ့ယူနေရသည်ဟု ကားသမားနှင့် နီးစပ်သူ ပူတာအိုဒေသခံတစ်ဦးက ပြောသည်။

“အရင်ကတက်လာတဲ့ကားတွေကတော့ လမ်းပျက်တဲ့နေရာမှာ ပစ္စည်းတွေကဲ့ယူပြီးတော့ အရင်နေ့ တနင်္ဂနွေနေ့ညမှာ ပူတာအိုကို ကားတစ်ဆယ်ကျော်ဝင်လာပြီ။ အဲ့တာကတော့ ကားဂိတ်က လိုင်းကားတွေဟုတ်တယ်။ ဟိုဘက်က(မြစ်ကြီးနား)ကားတွေလာရင် ဆိုင်ကယ်နဲ့ကဲ့ယူပြီး ဒီဘက်(ပူတာအို)ဘက်ကယာဉ်တန်းတွေနဲ့ ပြန်တင်ယူရမယ် အဲ့လိုပေါ့” ဟုပြောသည်။

ဆွမ်ပီယန်နဲ့ ဆွမ်ပရာဘွမ်ကျေးရွာကြားတွင် ပေ ၃၀၀ ခန့်ရှိသော လမ်းပြိုထားသောနေရာကို ဘက်ဟိုးဖြင့်မြေကြီးဖို့နေပြီး လက်ရှိအချိန်တွင် ဆိုင်ကယ်သာဖြတ်သန်းသွားလာနိုင်ကြောင်း သူကပြောသည်။

လမ်းပြင်နေသူများကိုလည်း လက်ရှိစစ်ရေးအခြေအနေကြောင့် စက်ယန္တာရားအမြောက်အများ အသုံးပြုကာပြင်ဆင်ခြင်း မပြုလုပ်ရန် လက်နက်ကိုင်အဖွဲ့အစည်းများက တားမြစ်ထားကြောင်း သိရသည်။

ပူတာအိုခရိုင်တွင် ဆန်တစ်အိတ် ကျပ် သုံးသိန်းကျော်၊ စားဆီတစ်ပိဿာ သုံးသောင်းကျပ်၊ ဆားတစ်ထုပ် ငါးထောင်ကျပ်၊ ဓာတ်ဆီ ၇၀၀ ML ပါတစ်ပုလင်း ကျပ်သုံးသောင်းခွဲအထိ ဈေးနှုန်းမြှင့်တက်နေကြောင်း သိရသည်။

လက်ရှိအချိန် မြစ်ကြီးနားမြို့တွင် မန္တလေး – မြစ်ကြီးနားလမ်းပိတ်နေသောကြောင့်ဟုဆိုကာ ကုန်ဈေးနှုန်းများမြင့်တက်နေပြီး ဆေးဝါးနှင့် စားသောက်ကုန်အချို့လည်း ပြတ်လပ်နေသည်။

 

သတင်း – Dureng

ပုံ – မြစ်ကြီးနား – ပူတာအိုလမ်းတွင် ယနေ့ကတွေ့ရသည့် ကုန်တင်ကားတစ်စီး(ဓာတ်ပုံ – ပေးပို့)

သင့်ထင်မြင်ချက်ရေးပေးပါ