စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်းနှင့် မိုင်းတို့ကြောင့် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ခုနှစ်လအတွင်း အရပ်သားပြည်သူ ၅၀၀ ခန့်သေဆုံးသွားကြောင်း Data for Myanmar က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ခုနှစ်လအတွင်း အရပ်သားသေဆုံးသူ ၄၉၉ ဦးရှိခဲ့ပြီး တစ်လလျှင် သေဆုံးသူ ၇၁ ဦးခန့်ရှိကာ ထိခိုက်ဒဏ်ရာရရှိသူ ၄၆၄ ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
 
အရပ်သားပြည်သူသေဆုံးမှု၏ ၂၁ ရာခိုင်နှုန်းခန့်ရှိသော ၁၅၉ ဦးမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြောင်း သိရသည်။
သေဆုံးသူအများစုမှာ ကလေးမြို့နယ်၊ မုံရွာမြို့နယ်၊ ရွှေဘိုမြို့နယ်၊ မြင်းမူမြို့နယ်၊ တမူးမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့မှဖြစ်ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကြောင့် ၄၂၈ ဦး၊ တော်လှန်ရေး လက်နက်ကိုင်များကြောင့် ၂၀ ဦး၊ ပျူစောထီးအဖွဲ့ဝင်များကြောင့် ၉ ဦးနှင့် ကူကီးတပ်ဖွဲ့ကြောင့် ၄ ဦး သေဆုံးခဲ့ရပြီး အတည်မပြုနိုင်သည့်ဖြစ်စဉ်များကြောင့် သေဆုံးသူ ၃၈ ရှိကြောင်းသိရသည်။
 
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင်း သေဆုံးသူ ၁၀၆ ဦးတွင် အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ခဲ့သည့် မင်းကင်းမြို့နယ်၊ မတောကျေးရွာမှ ၂၁ ဦးသေဆုံးမှုနှင့် တမူးမြို့နယ်၊ ကနန်စံပြကျေးရွာဖြစ်စဉ်မှ ၁၇ ဦး သေဆုံးခဲ့မှုတို့ပါဝင်သည်။
 
စစ်ကိုင်းတိုင်းအတွင်း အရပ်သားပြည်သူသေဆုံးမှု မြင့်တက်လာခြင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းများ အထူးသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးကျင့်ဝတ်လိုက်နာမှု အားနည်းခြင်း၊ အရပ်သားနှင့် လက်နက်ကိုင်ကို မခွဲခြားဘဲ လက်လွတ်စပယ် တိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူ မထိခိုက်စေရန် ကြိုတင်ကာကွယ်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း Data for Myanmar က သုံးသပ်ဖော်ပြထားသည်။
 
Data for Myanmar ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီးမှုကြောင့် တစ်နိုင်လုံးအတိုင်းအတာဖြင့် အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၉၅,၀၀၀ ကျော်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းကအများဆုံးပါဝင်သည်။
 
သတင်း – Dureng
ပုံ – မင်းကင်းမြို့နယ်၊ မတောကျေးရွာ လေကြောက်တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးသေဆုံးမှုများ
သင့်ထင်မြင်ချက်ရေးပေးပါ