တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို နယ်စပ်ဒေသတိုက်ပွဲများ ရပ်တန့်ရန်နှင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအားလုံးကို တာဝန်ယူရမည်ဟု ရေးသားထားသည့် သတိပေးစာ တရုတ်က ယမန်နေ့တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

လူမှုကွန်ရက်စာမျက်နှာတွင်ပျံ့နှံ့နေသည့် ရွှေလီမြို့နိုင်ငံတော်လုံခြုံရေးကော်မတီက TNLA ထံ ပေးပို့သည့် အဆိုပါစာတွင် တိုက်ပွဲများချက်ချင်းရပ်တန့်ရန်၊ မြန်မာ – တရုတ်နယ်စပ်ဒေသများတွင် အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းရန် TNLA က တရုတ်နှင့် ပူးပေါင်းမည်ဟု မျှော်လင့်ကြောင်းနှင့် ငြင်းဆန်ပါက “တရုတ်ဘက်သည် ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဖြစ်ပြီး ဖြစ်ပေါ်သည့်အကျိုးဆက်များ အားလုံးကို သင်တို့ကိုယ်တိုင်တာဝန်ယူရမည်” ဟုပါရှိသည်။
ထို့အပြင် TNLA အနေဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများနှင့် တရုတ်နိုင်ငံသားများကိုကာကွယ်ရန် အဆိုပါသတိပေးစာတွင် ဖော်ပြထားပြီး တရုတ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုကူညီကာ သင့်လျှော်သည့် တရားဝင်အခွင့်အရေးများ၊ အကျိုးစီးပွားများ၊ ဖွံ့ဖြိုးရေးအကောင်အထည်ဖော်ဆောင်ရာတို့တွင် ကူညီပေးမည်ဖြစ်ပြီး “ဘယ်နေရာ ဘယ်ဒေသရောက်ရောက် တရုတ်ဘက်သည် စောင့်မျှော်ကြည့်ရှုရမည်” ဟုဆိုသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး (PSLF/TNLA) ဗဟိုကော်မတီအတွင်းဆွေးနွေးနေကြောင်းနှင့် လက်ရှိချိန်တွင်တုံ့ပြန်ရန် မရှိသေးကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက The 74 Media ကို ပြောသည်။
“မှန်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျမတို့ ဗဟိုကော်မတီက ဆွေးနွေးနေပါတယ်။ လောလောဆယ်တော့ ဘာမှ တုန့်ပြန်ဖို့ မရှိသေးပါ” ဟုဆိုသည်။
လွန်ခဲ့သည့် နှစ်ပတ်ကျော်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပြီးနောက် TNLA ထံ အဆိုပါခြိမ်းခြောက်သတိပေးစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ထံ အလားတူ သတိပေးအကြောင်းကြားစာပေးပို့ခြင်းရှိ၊ မရှိ မေးမြန်းခဲ့ရာ အထက်ပါကိစ္စနှင့်ပတ်သက်၍ မသိရှိကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းကလည်း ပြီးခဲ့သည့် ဩဂုတ်၂၈ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့် ထိန်ချုံးမြို့တွင် တွေ့ဆုံခဲ့သည်။
တရုတ်စစ်တပ်က ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ထိစပ်နေသည့် မြန်မာ – တရုတ်နယ်စပ်ဒေသများတွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။
သတင်း – Thu Ta
သင့်ထင်မြင်ချက်ရေးပေးပါ