ဆက်သွယ်ရေးလိုင်းများအားလုံးဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့နယ်ရှိ နေရာအချို့တွင် MPT နှင့် ATOM (Telenor) ဖုန်းလိုင်းများပြန်လည်ရရှိသော်လည်း ဆက်သွယ်ရခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

ဖုန်းလိုင်းမိသောနေရာသို့ လာရောက်ကာဖုန်းခေါ်ဆိုသော်လည်း ဆက်သွယ်ရအလွန်ခက်ခဲသည်ဟု အသက် ၄၀ ကျော်ရွယ်ရှိအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။
 
“ကျွန်မတော့ နှစ်နာရီနီးနီးလာနေပြီး ဆက်တာတောင်မှ တစ်မိနစ်ကျော်ပဲပြောလိုက်ရတယ်။ အဲ့ဒါတောင်မှ ကြားရလား ကြားရလားနဲ့ပဲကျသွားတာ။ စာပို့ရင်တော့ တစ်ချက်၊ တစ်ချက်ဝင်တယ်။ အဲ့ဒါဝောာင် မိုးပေါ်မြောက်ထားရတာ တကယ်တကယ်” ဟုပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့မှစတင်ကာ Telenor (Atom) ဖားကန့်မြို့ နမ့်မဖြစ်၊ မော်ဝမ်း၊ ယူမာရပ်ကွက်တို့တွင် ဖုန်းလိုင်းများပြန်လည်ရရှိခဲ့ခြင်းဖြစ်ပြီး လုံးခင်း သုဿန်၊ လယ်ပြင်နှင့် မှော်စီစာ အောင်သာယာရပ်ကွက်ရှိ KBC ဆုတောင်းကုန်းတို့တွင်လည်း လိုင်းမိကြောင်း သိရသည်။
 
လိုင်းမိသောနေရာများတွင် ဒေသခံများက လာရောက်ကာဖုန်းခေါ်ဆိုနေပြီး လုံးခင်းသုဿန်အနီး လမ်းတစ်လျောက်တွင် လာရောက်ဖုန်းခေါ်ဆိုသူ ၃၀ ခန့်ရှိကြောင်း အသက် ၄၀ အရွယ်ရှိအမျိုးသမီး တစ်ဦးကပြောသည်။
 
“မြစ်ကြီးနားနဲ့တောင်ကြီးဆိုမရဘူး မန္တလေးပဲရတာ။ အဲ့‌ဒါတောင် အသေအော်ပြောရတာ ဟိုဘက်က ကျွန်တော်ပြောတဲ့အသံမကြားဘူး‌။ ကျွန်တော်တော့ ဟိုဘက်ကအသံရှင်းရှင်းလင်းလင်းကိုကြားနေရတယ်။ စကားတစ်ခွန်းပြောပြီးတိုင်း ကြားလား ကြားလားနဲ့ အော်အော်ပြောနေရတာကဆိုးတာပါ့။ ရယ်လည်းရယ်ချင် ရှက်ကလည်းရှက်သလိုနဲ့ ရယ်ရတာပေါ့အေး” ဟုပြောသည်။
 
ဖားကန့်မြို့နယ်အပါအဝင် ကချင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ ဖုန်းနှင့်အင်တာနက်လိုင်းများအားလုံးပြတ်တောက်သွားခဲ့ပြီး အင်တာနက်အသုံးပြုလိုသူများက Wifi ရသော ဆိုင်များတွင် တစ်နာရီ ငါးထောင်ကျပ်မှ သုံးသောင်းကျပ်အထိပေးဆောင်ကာ တန်းစီစောင့်ဆိုင်း အသုံးပြုနေရသည်။
 
လက်ရှိအချိန် ကချင်ပြည်နယ်နေရာအချို့တွင် MPT ဖုန်းလိုင်းပြန်ရသော်လည်း ကချင် – စစ်ကိုင်းအစပ်တွင် တိုက်ပွဲဖြစ်ပွားနေသောကြောင့် လမ်းများပိတ်နေပြီး ကုန်စည်ဝင်ရောက်မှုမရှိသဖြင့် တစ်နေ့တခြား ကုန်ဈေးနှုန်းပိုမိုမြင့်တက်လာနေသည်။
 
သတင်း – Zami
ပုံ – ဖားကန့်မြို့နယ်အတွင်း လိုင်းမိသောနေရာအချို့တွင် စက်တင်ဘာ ၁ ရက်နေ့က လာရောက်ဖုန်းခေါ်နေသူများကိုတွေ့ရစဉ်
သင့်ထင်မြင်ချက်ရေးပေးပါ