လက်နက်နှင့် ရိက္ခာများတင်ဆောင်လာသည့်စစ်သင်္ဘောငါးစီး ယနေ့ညနေ ၃ နာရီခန့်က ကသာမြို့နယ်သို့ရောက်ရှိခဲ့ပြီး လုံခြုံရေးယူပေးသော စစ်ကောင်စီလေယာဉ်များ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ကသာမြို့နယ်၊ သဖန်းကိုင်းဆိပ်ကမ်းတွင်ကမ်းကပ်ပြီးနောက် လက်နက်များနှင့် ရိက္ခာများကို ကားဖြင့်လာရောက်တင်ယူသွားသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

 

“သင်္ဘောပျက်စီးသွားတယ်ဆိုတဲ့ သတင်းကတော့ မမှန်ဘူးဗျာ။ အင်းတော်ဘက် စစ်ကူပို့တာဖြစ်မယ်ဗျာ။ ကားတွေပေါ်တော့ ပစ္စည်းတွေ သင်္ဘောပေါ်က တင်နေတယ်။ အဲ့သင်္ဘောတွေ ဗန်းမော်အထိလည်းတက်သွားနိုင်ပါတယ်” ဟုပြောသည်။

အဆိုပါသင်္ဘောများမှာ လေကြောင်းမှလုံခြုံရေးယူကာ မန္တလေးမြို့၊ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခြင်းဖြစ်ပြီး ယမန်နေ့က ထီးချိုင့်မြို့နယ်၊ ပန်းရွှေဝါနှင့် ပိတောက်လှဆိပ်ကမ်းတို့တွင် ညအိပ်ခဲ့သည်။

 

ယမန်နေ့က ထီးချိုင့်တွင်ကမ်းကပ်စဉ် စစ်ကောင်စီတပ်က မြစ်ကမ်းနားတစ်လျှောက်ကို လေကြောင်းမှရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

 

“ထီးချိုင့်မှာ မနေ့ကကပ်သွားတာ။ အဲ့ဒါမို့ လေကြောင်းလာပစ်တာ။ မြစ်ဘေးရွာကလူတွေအကုန် ရှောင်နေရတယ်။ စစ်လက်နက်ရိက္ခာနဲ့ အင်အားတွေထပ်ဖြည့်သွားတယ်လို့ ပြောလို့ရတယ်။ ဖုန်းတွေက လုံးဝမရဘူး” ဟုဆိုသည်။

 

စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယမန်နေ့က ထီးချိုင့်မြို့နယ် မောင်းကုန်းရွာမှ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ယနေ့တွင်လည်း လေကြောင်းတိုက်ခိုက်မှုဆက်လက်ပြုလုပ်နေကြောင်း သိရသော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် အသေးစိတ်အခြေအနေကို မသိရသေးပါ။

 

သတင်း – Dureng , Thu Ta

ပုံ – ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများကို ထီးချိုင့်မြို့နယ်တွင် တွေ့ရစဉ် (ဓာတ်ပုံ – Tigyaing Revolution -TR)

သင့်ထင်မြင်ချက်ရေးပေးပါ