ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်တို့တွင် နယ်မြေအများအပြားလက်လွတ်ဆုံးရှုံးခဲ့ရပြီးနောက် စစ်ကောင်စီတပ်က ညီနောင်မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်စာရင်းသွင်းကြောင်း ယမန်နေ့ စက်တင်ဘာ ၂ ရက်နေ့ ညပိုင်းက ကြေညာလိုက်သည်။

တအာင်းအမျိုးသားတပ် (TNLA) နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ပြီး ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းခြင်းကို ပယ်ဖျက်ကာ အကြမ်းဖက်အုပ်စုအဖြစ် ထပ်မံကြေညာလိုက်ခြင်းဖြစ်သည်။
 
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က သတ်မှတ်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
 
စစ်ကောင်စီက ညီနောင်မဟာမိတ် ၃ ဖွဲ့ကို သောင်းကျန်းသူ၊ မတရားအသင်းစသည့် နာမည်အမျိုးမျိုးဖြင့် ယခင်ကတည်းက ပြောဆိုမှုများရှိခဲ့ပြီး ယခုထုတ်ပြန်ချက်နှင့်ပတ်သက်၍ မှတ်ချက်ပြုစရာမရှိကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက The 74 Media ကို ပြောသည်။
 
“စစ်ကောင်စီက ကျွန်မတို့ကို အကြမ်းဖက်အဖွဲ့ကြေညာတာ အခုမှမဟုတ်ဘူး၊ အရင်နှစ်ကတည်းက သောင်းကျန်းအဖွဲ့၊ မတရားအသင်းအဖွဲ့ ဆိုပြီးနာမည်မျိုးမျိုးနဲ့ ကြေညာနေတာရှိပါတယ်။ ဒီအပေါ် မှတ်ချက်ပြုစရာ မရှိပါဘူး” ဟုဆိုသည်။
 
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတွေ့ဆုံပြီးနောက် တရုတ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို နယ်စပ်ဒေသတိုက်ပွဲများ မရပ်တန့်ပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များအားလုံးကို တာဝန်ယူရမည်ဟု ရေးသားထားသည့်သတိပေးစာ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့တွင်ပေးပို့ခဲ့သည်။
 
ထိုစာကို အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်များထံ ပေးပို့ခြင်းရှိ၊ မရှိမသိရသော်လည်း ထိုစာပေးပို့ခဲ့ပြီး နောက် ၄ ရက်အကြာအတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ကို စစ်ကောင်စီတပ်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
 
ရက္ခိုင့်တပ်တော် (AA) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ခုနှစ် မတ်လက အကြမ်းဖက်အုပ်စုအဖြစ်စတင်ကြေညာခဲ့ပြီး ထိုသတ်မှတ်ချက်ကို အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လတွင် စစ်ကောင်စီကပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။
 
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် (AA)၊ (MNDAA) နှင့် (TNLA) တို့က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့တွင် “၁၀၂၇ စစ်ဆင်ရေး” ကိုစတင်ခဲ့ပြီး လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း အများအပြားကိုသိမ်းပိုက်ထားပြီးဖြစ်သည်။
 
သတင်း – Thu Ta
ဓါတ်ပုံ – Arakan Army
သင့်ထင်မြင်ချက်ရေးပေးပါ