မံစီမြို့နယ် ဒိန်ဆင်းပါကျေးရွာမှာ မြေရှားသတ္တုတူးဖော်နေကြတာကို ဒေသခံတွေကန့်ကွက်ဆန္ဒပြကြတာ အားလုံး အသိဖြစ်ပါတယ်။

 

မြေရှားသတ္တုတူးတာဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့အတွက် ဘိုးဘေးစဉ်ဆက်နေထိုင်ခဲ့တဲ့ ဒိန်ဆင်းပါဒေသကို ကာကွယ်လိုတဲ့ ဒေသခံတွေဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) နဲ့ မြေရှားတူးဖော်ခွင့်ရထားတဲ့ ကုမ္ပဏီကို ကန့်ကွက်နေတာပါ။

ဒီလိုကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ပြီးတဲ့နောက် KIO ဗဟိုက တာဝန်ရှိသူတွေဟာ ဒေသခံပြည်သူတွေနဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာ တွေ့ဆုံခဲ့ကြပါတယ်။

 

KIO တာဝန်ရှိသူတွေအနေနဲ့ ဒေသခံတွေရဲ့ ဆန္ဒကို လိုက်လျောပေးဖို့ မျှော်လင့်ခဲ့ပေမယ့် လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။

 

တွေ့ဆုံပွဲမှာ တာဝန်ရှိသူတွေက မြေရှားသတ္တုတူးဖော်တာဟာ ဗဟိုက ခွင့်ပြုမိန့်နဲ့ ပြုလုပ်တာဖြစ်တဲ့အတွက် ဆက်လက်ပြုလုပ်မှာဖြစ်ပြီး ဆန့်ကျင်ကန့်ကွက်တာကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ခြိမ်းခြောက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

ဒီအစည်းအဝေးမှာ အစည်းအဝေးတက်ရောက်တဲ့ အသက် ၅၆ နှစ်အရွယ်အမျိုးသမီးတစ်ဦး နှလုံးဖောက်မေ့လှဲသွားပြီး နောက်မကြာခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ KIO/KIA တာဝန်ရှိသူတွေရဲ့ ခြိမ်းခြောက်ပြောဆိုမှုကြောင့် သေဆုံးသွားတာလို့ ဒေသခံတွေက စွပ်စွဲပါတယ်။

 

ဒေသခံတွေကို လာရောက်တွေ့ဆုံတဲ့သူတွေကို ထပ်မံတွေ့ဆုံလိုတဲ့အတွက် တာဝန်ရှိသူတွေ တည်းခိုတဲ့နေရာရှေ့မှာ အချိန်အတန်ကြာစောင့်ဆိုင်းခဲ့ပေမယ့် ထွက်မတွေ့ခဲ့ဘူးလို့လည်း ဖြစ်စဉ်မှာပါဝင်ခဲ့သူတွေရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

 

ဒိန်ဆိန်းပါမှာ မြေရှားသတ္တုတူးနေတာကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ထွက်ခွာသွားဖို့ ဒေသခံတွေက တောင်းဆိုထားတဲ့အတွက် မြေရှားတဲ့တရုတ်ကုမ္ပဏီ၊ ခွင့်ပြုမိန့်ပေးတဲ့ KIO/KIA နဲ့ ဒေသခံတွေအကြားအခြေအနေတွေ ဆက်လက်တင်းမာလာနိုင်တဲ့အခြေအနေရှိနေဆဲပါ။

 

မြေရှားတူးဖော်တဲ့ကုမ္ပဏီအကြောင်းကို အသေးစိတ်မသိရသေးပေမယ့် ရင်းနှီးမြုပ်နှံတာ၊ နည်းပညာနဲ့ လုပ်ငန်းမှာ စီမံခန့်ခွဲတာတွေဟာ တရုတ်နိုင်ငံသားတွေဖြစ်တယ်ဆိုတာကိုတော့ ဒေသခံတွေဆီက သိရပါတယ်။

 

ဒိန်ဆင်းပါက ပြောပြနေတဲ့ KIO အကြောင်း

================

ဒိန်ဆင်းပါမှာပြုလုပ်တဲ့ အစည်းအဝေးမှာ မြေရှားသတ္တုတူးဖော်တာကို ဆန့်ကျင်ကန့်ကွက်ရင် အရေးယူမယ်လို့ KIO/KIA အရာရှိတွေက ခြိမ်းခြောက်ပြောဆိုခဲ့တာဟာ အံ့ဩဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခုဖြစ်သလို လူထုအသံကိုမျက်ကွယ်ပြုတတ်တဲ့ အဖွဲ့အစည်းတစ်ခုများဖြစ်နေသလားလို့ မေးခွန်းထုတ်ရမှာပါ။

 

ကြီးမားတဲ့နိုင်ငံရေးအချိုးအကွေ့တိုင်းမှာ လူထုဆန္ဒရယူတတ်တဲ့ KIO/KIA ဟာ ကချင်လူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ မလုပ်တာလည်း အတော်ကြာခဲ့ပါပြီ။

 

သဘာဝသယံဇာတတူးဖော်တဲ့လုပ်ငန်းကို ဒေသခံတွေဆန့်ကျင်ကန့်ကွက်နေတာကိုကြည့်ရင် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးရာ အကျိုးသက်ရောက်မှုဆန်းစစ်ချက် (environmental and social impact assessment) တွေ လုပ်ဆောင်ခဲ့တာမျိုး မရှိဘူးဆိုတာကိုလည်း တွေ့နိုင်ပါတယ်။

 

အရေးအကြီးဆုံးအချက်က သဘာဝသယံဇာတထုတ်ယူပြီးရလာတဲ့ အကျိုးအမြတ်တွေကို ကုမ္ပဏီ၊ KIO/KIA နဲ့ ဒေသခံလူထုကြား စနစ်တကျခွဲဝေတဲ့ နည်းစနစ်တွေ စနစ်တကျမချမှတ်ထားဘူးဆိုတာကို ဒီဖြစ်စဉ်က လှစ်ဟပြနေပါတယ်။

 

KIO/KIA ဟာ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သလို ဝန်ကြီးဌာန၊ ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ တက္ကသိုလ်၊ ကောလိပ်တွေနဲ့ စနစ်တကျစုဖွဲ့ထားတဲ့အတွက် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သလို အစိုးရတစ်ရပ်လိုလည်း လည်ပတ်နေတယ်လို့ ပြောရင်လည်း မမှားပါဘူး။

 

အစိုးရအဖွဲ့အနေနဲ့ရော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုအနေနဲ့ပါ လှုပ်ရှားနေတာဖြစ်ပေမဲ့ ဒေသခံတွေကို ‘ဗဟိုညွှန်ကြားချက်’ ဖြစ်တဲ့အတွက် လိုက်နာရမယ်လို့ အာဏာရှင်ဆန်ဆန်ပြောဆိုခဲ့တာတွေဟာ မူဝါဒ၊ ဥပဒေနဲ့ အမိန့်ညွှန်ကြားချက်တွေနဲ့ အဆင့်ဆင့်အုပ်ချုပ်တာမျိုးမဟုတ်ဘဲ လူပေါ်မူတည်ပြီး အုပ်ချုပ်နေတယ်ဆိုတာကိုလည်း ပေါ်လွှင်စေပါတယ်။

 

KIO/KIA ဟာ ဩဇာတိက္ကမကြီးမားပြီး အင်အားတောင့်တင်းတဲ့နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပေမယ့် ဒေသန္တရအုပ်ချုပ်ရေးရုံးတွေ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ ဒေသခံလူထုရဲ့ ထောက်ခံအားပေးမှုကို စနစ်တကျ စည်းရုံးလှုံ့ဆော်နိုင်ရဲ့လားဆိုတာဟာလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

 

ဒိန်ဆင်းပါမှာစစ်တဲ့ စာမေးပွဲ

==============

မြေရှားသတ္တုတူးဖော်တာကို ဆန့်ကျင်ကန့်ကွက်တဲ့ဖြစ်စဉ်ဟာ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ စာမေးပွဲတစ်ခုနဲ့ တူပါတယ်။

 

ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုမှာပါဝင်တဲ့ အခြေခံမူဝါဒတွေဟာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှု၊ တရားဥပဒေစိုးမိုးရေး၊ သာတူညီမျှမှုနဲ့ အားလုံးပါဝင်မှု၊ တုံ့ပြန်မှုအားကောင်းခိုင်မာမှုနဲ့ အရေးအကြီးဆုံးက အားလုံးသဘောတူညီမှုမှာ အခြေခံတာတွေပဲဖြစ်ပါတယ်။

 

ဒိန်ဆင်းပါမှာစစ်တဲ့ စာမေးပွဲမှာ အားလုံးပါဝင်မှု၊ ပွင့်လင်းမြင်သာမှုနဲ့ ဒေသခံလူထုရဲ့ သဘောတူညီမှုတွေ ကြိုတင်မရရှိခဲ့တာတွေရှိခဲ့တဲ့အတွက် ဒီကဏ္ဍတွေမှာ အမှတ်မရခဲ့ဘူးလို့ ဆိုရမှာပါ။

 

ဒါ့အပြင် ဒေသခံလူထုက ဒီစီမံကိန်းရပ်တန့်ပေးဖို့တောင်းဆိုတာကို ကန့်ကွက်ရင်အရေးယူမယ်လို့ တုံ့ပြန်ခဲ့တဲ့အတွက် ကောင်းမွန်တဲ့ တုံ့ပြန်မှု မဟုတ်ခဲ့ဘဲ အာဏာရှင်ဆန်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

 

ဒီလိုခြိမ်းခြောက်မှုတွေရှိခဲ့ပေမယ့် ဒေသခံတွေက ဆက်လက်ကန့်ကွက်နေဆဲဖြစ်တာကြောင့် KIO/KIA အနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လူထုကို ဘယ်လိုတာဝန်ယူတာဝန်ခံမလဲဆိုတာ အင်မတန်အရေးကြီးပါတယ်။

 

ကန့်ကွက်နေတဲ့လူထုကို ခြိမ်းခြောက်တာထက် သူတို့ရဲ့စိုးရိမ်မှုတွေဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးတာကို ကုစားနိုင်မယ့်နည်းလမ်းရှိမလား၊ မြေယာအစားထိုးပေးမလား၊ အကျိုးအမြတ်ခွဲဝေပေးမလား ဒါမှမဟုတ် လျော်ကြေးနဲ့ နစ်နာကြေးပေးမလားဆိုတာတွေဟာလည်း စာမေးပွဲရဲ့ မေးခွန်းတွေပါ။

 

ဒါ့အပြင် ရရှိလာတဲ့အခွန်ဘဏ္ဍာနဲ့ အကျိုးအမြတ်တွေထဲက လူထုဝန်ဆောင်မှုတွေဖြစ်တဲ့ ကျောင်း၊ ဆေးရုံး၊ လမ်းတံတားနဲ့ တခြားဝန်ဆောင်မှုတွေကို အဆင့်မြင့်တင်တာတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ကြိုးပမ်းလုပ်ဆောင်ဖို့လည်း လိုအပ်ပါသေးတယ်။

 

‘ဗဟိုခွင့်ပြုမိန့်’ နဲ့မြေရှားသတ္တုတူးဖော်တာဖြစ်နိုင်ပေမယ့် ဒေသန္တရအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေရဲ့ စည်းရုံးရေးအားနည်းတာကို ပြန်လည်ပြင်ဆင်ဖို့ကြိုးစားတာဟာ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုမှာ လူထုကိုတာဝန်ခံတာဖြစ်ပါတယ်။

 

လူထုကန့်ကွက်တဲ့ စီမံကိန်းတွေကို စနစ်တကျကိုင်တွယ်ဖြေရှင်းမယ့် ယန္တရားထားရှိပြီး ဒေသခံတွေရဲ့ အသံကိုနားထောင်တာ၊ ဆုံးဖြတ်ချက်ချမှတ်တဲ့ယန္တရားတွေမှာ လူထုကိုပါဝင်ခိုင်းတာတွေဟာလည်း ဆက်လက်လုပ်ဆောင်ရမယ့် အဆင့်တွေပါပဲ။

 

ဒိန်ဆင်းပါမှာ မြေရှားတူးတာကို ဒေသခံတွေကန့်ကွက်ခဲ့တာနဲ့ တစ်ချိန်တည်းမှာလိုပဲ ကရင်အမျိုးသားအစည်းအရုံး (KNU) ကို တရုတ်မြို့သစ်စီမံကိန်းမှာ ပါဝင်နေတဲ့အတွက် KNU အကြီးတန်းအရာရှိတွေ နှုတ်ထွက်ဖို့ တစ်ကမ္ဘာလုံးက ကရင်အဖွဲ့အစည်းတွေ ဝိုင်းဝန်းတောင်းဆိုခဲ့ပါတယ်။

 

ဒီလို တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး KNU က ရက်ပိုင်းအတွင်း ကြေညာချက်ထုတ်ပြန်ပြီး လူထုအသံကိုတုန့်ပြန်မှုရှိတယ်ဆိုတာကို ပြသနိုင်ခဲ့တာလည်း အတုယူစရာတစ်ခုပါ။

 

မြေရှားတူးဖော်တာဟာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ထိန်းချုပ်တဲ့ ချီဖွေမြို့နယ်၊ ပန်ဝါမြို့တွေမှာလည်း အကြီးစားတူးဖော်မှုတွေ၊ လုပ်ကွက်ရာနဲ့ချီပြီးရှိနေတာဖြစ်ပေမယ့် စစ်အာဏာရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဖြစ်တာကြောင့် ဒေသခံတွေ ကန့်ကွက်လို့မရသလို ဒေသခံတွေကိုအမြင်ဖွင့်ပေးတဲ့လူမှုအခြေပြုအဖွဲ့အစည်းတချို့ကို ပစ်မှတ်ထားရန်လိုလာတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

 

KIO/KIA ဟာ သက်တမ်း ၆၂ နှစ်ရှိ ဝါရင့်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပေမယ့် စနစ်တကျရေးဆွဲပြဋ္ဌာန်းထားတဲ့ ဥပဒေတွေမရှိသေးတဲ့အတွက် ဒိန်ဆင်းပါဖြစ်စဉ်ကိုအခြေခံပြီး သဘာဝသယံဇာတထုတ်ယူသုံးစွဲတဲ့အခါ လိုက်နာကျင့်သုံးရမယ့် လုပ်ထုံးလုပ်နည်းစံသတ်မှတ်ချက်တွေကို စနစ်တကျပြင်ဆင်ပြဋ္ဌာန်းပြီး လူထုကို ချပြနိုင်ဖို့ကြိုးပမ်းလုပ်ဆောင်လာတယ်ဆိုရင် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုတာဝန်ခံမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။

 

ကချင်တော်လှန်ရေးအဖွဲ့မှသည် လူထုတော်လှန်ရေးအဖွဲ့အဖြစ်သို့

=======================

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဟာ တစ်တိုင်းပြည်လုံးကလူထုနဲ့အတူ ရပ်တည်ကြောင်းပြသခဲ့တဲ့အတွက် လူထုထောက်ခံမှုတွေ တဟုန်ထိုးမြှင့်တက်လာခဲ့ပါတယ်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာ ဆန္ဒပြပြည်သူတွေကို သွေးထွက်သံယိုဖြစ်အောင်လုပ်ရင် လက်တုန့်ပြန်မယ်လို့ အာဏာသိမ်းစစ်တပ်ကို သတိပေးခဲ့ပါတယ်။

 

အဲ့ဒီနောက် မတ်လ ၈ ရက်နေ့မှာ ဆန္ဒပြပြည်သူတွေထဲကနှစ်ဦး ကျည်ဆန်ထိမှန်သေဆုံးခဲ့တဲ့ သုံးရက်အကြာမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေအကြား စစ်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

 

၂၀၁၁ ခုနှစ်ကနေဖြစ်ပွားခဲ့တဲ့ ကချင်တကျော့ပြန်စစ်ပွဲကို ၁၀ စုနှစ်တစ်ခုအကြာတိုက်ခဲ့ပြီးတဲ့နောက် စစ်ပန်းနေတဲ့ KIA ဟာ လူထုနဲ့အတူရပ်တည်ပြီး တိုက်ပွဲဖော်ဆောင်တာ၊ မြန်မာပြည်အလယ်ပိုင်းက တော်လှန်ရေးအစုအဖွဲ့တွေကို စစ်ပညာသင်ကြားပေးတာ၊ လက်နက်ခဲယမ်းထောက်ပံ့တာတွေအပြင် နွေဦးတော်လှန်ရေးအလွှာအသီးသီးနဲ့ ပူးပေါင်းလုပ်ဆောင်တာတွေရှိခဲ့တဲ့အတွက် နွေဦးတော်လှန်ရေးကို ဦးဆောင်နေတယ်လို့လည်း ဆိုနိုင်ပါတယ်။

 

ဒီလိုအခြေအနေတွေကြောင့် KIO/KIA ဟာ ကချင်လူထုကို ကိုယ်စားပြုတဲ့တော်လှန်ရေးအဖွဲ့အဖြစ်ကနေ အညာဒေသမှာရှိတဲ့လူထုကိုပါ တစ်စိတ်တစ်ပိုင်းဦးဆောင်နေတာပါ။

 

ဒီနေ့ခေတ်ဟာ လူမှုကွန်ရက်အသုံးပြုတဲ့လူတွေများတာကြောင့် ဘယ်အရာကိုမှ ဖုံးဖိထားလို့ မရနိုင်သလို ဒိန်ဆန်းပါဖြစ်စဉ်ကိုလည်း လျို့ဝှက်ထားလို့ မရနိုင်ပါဘူး။

 

ဒိန်ဆန်းပါမှာဖြစ်ပေါ်လာတဲ့ ဒေသခံတွေနဲ့တင်းမာမှုတွေကြောင့် KIO/KIA ဟာ ကချင်လူထုကို တစ်သွေးတစ်သံတစ်မိန့်နဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တတ်တဲ့အဖွဲ့အစည်းအဖြစ် ကချင်မဟုတ်တဲ့ တခြားပြည်သူတွေ ရှုမြင်သွားမှာကို စိုးရိမ်ရပါတယ်။

 

KIO/KIA ဟာ ဘယ်လူမျိုးကိုမဆို ခွဲခြားမှုမရှိဘဲ ဒေသခံတွေရဲ့ အသံ၊ ပြည်သူလူထုရဲ့ဆန္ဒကို လေးစားအသိအမှတ်ပြုတတ်တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဒိန်ဆန်းပါမှာဖော်ပြနိုင်ဖို့အရေးကြီးပါတယ်။

 

တော်လှန်ရေးဆက်လက်လုပ်ကိုင်နိုင်ဖို့ ငွေကြေးလိုအပ်ချက်ရှိတာမှန်ပေမယ့် ပိုက်ဆံဘယ်လောက်ရှိပါစေ လူထုထောက်ခံမှုမရှိရင် ဘယ်အဖွဲ့အစည်းမှ ရေရှည်ရပ်တည်ဖို့ မလွယ်ဘူးဆိုတာကိုလည်း သတိချပ်သင့်ပါတယ်။

 

တော်လှန်ရေးအောင်မြင်ဖို့ လူထုပါဝင်ဖို့ အရေးအကြီးဆုံးဖြစ်တဲ့အတွက် ဒိန်ဆန်းပါဖြစ်စဉ်ကို တွန်းအားတစ်ခုအဖြစ်ရယူပြီး ပိုမိုကောင်းမွန်တဲ့မူဝါဒ၊ ခိုင်မာတဲ့ဦးဆောင်မှုနဲ့ စနစ်ကျတဲ့စုဖွဲ့မှုတွေအပြင် လူ့အခွင့်အရေး၊ နိုင်ငံတကာစံနှုန်းနဲ့ကိုက်ညီတဲ့ ဥပဒေတွေကို KIO/KIA အနေနဲ့ ပြဋ္ဌာန်းနိုင်မယ်ဆိုရင် အတိုင်းထက်အလွန်ဖြစ်မယ်လို့ ယူဆပါတယ်။

 

နိဂုံး

=======

ကမ္ဘာပေါ်မှာ ဘယ်အစိုးရမဆို၊ ဘယ်အဖွဲ့အစည်းမဆို သူအလုပ်အကျွေးပြုတဲ့ ဒါမှမဟုတ် သူကိုယ်စားပြုတဲ့ လူထုရဲ့ ထောက်ခံမှုကိုရရှိထားမှ ရေရှည်ရပ်တည်နိုင်တာဖြစ်ပါတယ်။

 

ကွန်မြူနစ်စနစ်ကိုကျင့်သုံးတဲ့ အိမ်နီးချင်းတရုတ်နိုင်ငံတောင် ၂၀၂၂ ခုနှစ်အတွင်း တင်းကြပ်တဲ့ ‘သုညကိုဗစ်မူဝါဒ’ ကို အင်အားသုံးအကောင်အထည်ဖော်ခဲ့ပေမယ့် မြို့ကြီးပြကြီးတွေမှာ လူအင်အားအလုံးအရင်းနဲ့ ဆန့်ကျင်ဆန္ဒပြတာတွေကို ကြုံခဲ့ရတဲ့နောက် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို ဖြေလျှော့ပေးခဲ့ရပါတယ်။

 

လက်ရှိအချိန်မှာ KIO/KIA က ကိုယ်စားပြုထားတဲ့ ဒိန်ဆင်းပါကျေးရွာနဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံ ကချင်လူထုတွေက ပြင်းပြင်းထန်ထန်ကန့်ကွက်နေတာကြောင့် ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး လူထုဆန္ဒကို လိုက်လျောဖို့ အင်မတန်အရေးကြီးပါတယ်။

 

နှစ်ပေါင်းများစွာ စနစ်တကျစုဖွဲ့ထားပြီး အဆိုးဆုံးစစ်တပ်တစ်ခုအနေနဲ့ရပ်တည်နေတဲ့ စစ်ကောင်စီတပ် (တပ်မတော်) ကို ခေတ်အဆက်ဆက် တိုက်ခိုက်တွန်းလှန်နေပြီးဖြစ်တဲ့ KIO/KIA အနေနဲ့လည်း ဒိန်ဆင်းပါမှာစစ်တဲ့ စာမေးပွဲကို အောင်မြင်စေချင်တယ်လို့ တိုက်တွန်းတင်ပြလိုက်ပါတယ်။

သင့်ထင်မြင်ချက်ရေးပေးပါ