စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီဇင်ဘာလ ၄ ရက်နေ့မှာပြုလုပ်တဲ့ စစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးမှာ မိန့်ခွန်းပြောကြားခဲ့တယ်လို့ ဒီနေ့ထုတ်မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးကို စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းအပါအဝင် စစ်ကောင်စီဝန်ကြီးတွေအပြင် ပြည်နယ်ဝန်ကြီးချုပ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌပြောခဲ့တဲ့မိန့်ခွန်းပါအချက်အလက်တွေထဲမှာ စိုက်ပျိုးရေးနဲ့ အခွန်ကဏ္ဍတွေပါဝင်သလို ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေအပြင် လူထုအားကစားလှုပ်ရှားမှုအကြောင်းတွေလည်း ပါဝင်ပါတယ်။
ဒီမိန့်ခွန်းမှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒို့တာဝန်အရေးသုံးပါးကို စစ်ကောင်စီတပ်က ဆောင်ရွက်နေပြီး အကြမ်းဖက်သမားအနေနဲ့ ဒေသခံတွေခံစားရမယ့် အကျိုးဆက်ကို ကိုယ်ချင်းစာဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။
ဒီလိုပြောခဲ့တာရဲ့ ထူးခြားချက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ “နိုင်ငံရေးအရ ဖြေရှင်းရန်လိုမယ်” လို့ ပြောခဲ့တာပါ။
ဒီလိုပြောခဲ့တာဟာ အာဏာသိမ်းပြီးနောက်ပိုင်း ထူးထူးခြားခြားကြားခဲ့ကြရတာဖြစ်တဲ့အတွက် သတင်းဌာနတချို့နဲ့ နိုင်ငံရေးသုံးသပ်သူတချို့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ လေသံပြောင်းလာပြီလားလို့ ရေးသားဖော်ပြခဲ့ကြပါတယ်။
စစ်အာဏာမသိမ်းမီကတည်းက “မလုပ်ရဲတာ ဘာမှမရှိဘူး” လို့ လူမိုက်ဆန်ဆန်ပြောခဲ့တာကနေ အာဏာသိမ်းပြီးနောက်မှာ အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်၊ လေကြောင်းကနေဗုံးကြဲ၊ နေအိမ်တွေမီးရှို့တဲ့အပြင် လက်နက်ကြီးရမ်းသမ်းပစ်တာအဆုံး ဘီးလူးစိုင်းစိုင်းပြီး လက်တွေ့ပြခဲ့တဲ့ စစ်ကောင်စီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ နိုင်ငံရေးအရ ဖြေရှင်းဖို့ ပြောတာဟာ ထူးခြားနေတာတော့ အမှန်ပါ။
အောက်တိုဘာလ ၂၇ ရက်နေ့မှာစတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” နဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာစတင်ခဲ့တဲ့ “၁၁၁၁ စစ်ဆင်ရေး” တွေမှာ စစ်စခန်း ၂၀၀ ကျော်ဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းနဲ့ချင်းမှာလည်း စစ်စခန်းတွေအပြင် မဟာဗျူဟာကျတဲ့မြို့နယ်တွေနဲ့ နယ်စပ်မြို့တွေပါ သိမ်းဆည်းခံထားရချိန်မှာ ဒီစကားထွက်လာတာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ တရုတ်နယ်စပ်မြို့ဖြစ်ပြီး စစ်ကောင်စီတပ်က ဆယ်စုနှစ် နှစ်ခုကျော်ကြာစိုးမိုးထားတဲ့ လောက်ကိုင်မြို့အနီးပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီတပ်က စစ်စခန်းတွေ ဆက်လက် လက်လွတ်နေရတာပါ။
စစ်ကောင်စီဥက္ကဋ္ဌရဲ့ မိန့်ခွန်းအသေးစိတ်
=====================
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ရဲ့မိန့်ခွန်းမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်အကြောင်းကို ထည့်သွင်းပြောကြားခဲ့တာပါ။
ရခိုင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြောင့် ပြည်သူလူထုရဲ့ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ ခက်ခဲ့သွားတဲ့အပြင် ပြည်သူကိုကိုယ်ချင်းစာပြီး နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့လိုတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
မြန်မာ့အလင်းသတင်းစာပါ မိန့်ခွန်းအသေးစိတ်ကတော့ “အလားတူ ကယားပြည်နယ်၊ လွိုင်ကော်ဒေသတွင် ယခင်နှစ်ကလည်း KNPP နှင့် KNDF အကြမ်းဖက်အဖွဲ့များကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အခြေအနေများပြန်လည်တည်ငြိမ်ခဲ့ချိန်တွင် ပြည်သူများအနေဖြင့် ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ၎င်းတို့၏ ချွေးနှဲစာဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုအခါ KNPP အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လွိုင်ကော်မြို့ရှိ နေအိမ်အဆောက်အဦများစွာ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလွန်ပင်ခက်ခဲ့သွားပြီဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက်၍ မိုက်တွင်းနက်နေမည်ဆိုပါက မိုက်တွင်းနက်သည့်ဒဏ်ကို ဒေသရှိပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြေစာပင်ဖြစ်နေသည့် ပြည်သူကို ကိုယ်ချင်းစာရန်နှင့် ဆက်လက်၍မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန်လိုမည်ဖြစ်ကြောင်း” စစ်ကောင်စီဝါဒဖြန့်သတင်းစာမှာ ဖော်ပြထားပါတယ်။
အဲဒီလိုဖော်ပြချက်အပြင် စစ်ကောင်စီဥက္ကဋ္ဌက သူ့ရဲ့နိုင်ငံရေးလမ်းစဉ်ကိုလည်း အောက်ပါအတိုင်း ဆက်ပြီးပြောသွားခဲ့တာကို တွေ့ရပါတယ်။
“မိမိတို့လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တွင် ၎င်းတို့တောင်းဆိုနေသည့် အချက်များအားလုံးပါဝင်ပြီးဖြစ်ပြီး ပြည်ထောင်စုကြီး လုံးဝပြိုကွဲ၍ရမည်မဟုတ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးခံယူချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါအမျိုးသားရေးလုပ်ငန်းသုံးရပ်ကို အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကို တည်ဆောက်ပေးထားခြင်းဖြစ်ပြီး ခိုင်ခိုင်မာမာဆောင်ရွက်ထားခြင်းဖြစ်သဖြင့် လုံးဝအထိခိုက်ခံမည်မဟုတ်ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို သက်ဆိုင်ရာဒေသနှင့် ဒေသခံများကသာ ခံစားရမည်ဖြစ်ကြောင်း” ဟု ဖော်ပြထားသည်။
စစ်ကောင်စီဥက္ကဋ္ဌမိန့်ခွန်းကို သုံးသပ်ခြင်း
=====================
နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာရမယ်လို့ မိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့တဲ့ စစ်ကောင်စီဥက္ကဋ္ဌရဲ့မိန့်ခွန်းကို သုံးသပ်တဲ့အခါ အချက်သုံးချက်တွေရပါတယ်။
ပထမဆုံးအချက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းထဲက အသုံးအနှုန်းတွေကိုကြည့်ခြင်းအားဖြင့် နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာချင်တဲ့အနေအထားကို မတွေ့ရဘူးဆိုတာမြင်နိုင်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေကို “အကြမ်းဖက်အဖွဲ့” တွေလို့ သုံးနှုန်းထားတာတွေ့ရသလို ပြည်သူအများစုက ဖက်ဒရယ်ဒီမိုကရေစီလို့ တောင်းဆိုနေကြပြီဖြစ်ပေမဲ့ မိန့်ခွန်းမှာတော့ “ဒီမိုကရေစီနဲ့ ဖက်ဒရယ်” လို့ သုံးနှုန်းထားတာပါ။
ဒီစကားလုံးဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ရေးဆွဲခဲ့တဲ့ကာလတွေတုန်းကလည်း အကျေအလည်ဆွေးနွေးခဲ့ရတဲ့ အသုံးအနှုန်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလိုလားတဲ့ အသုံးအနှုန်းတော့ မဟုတ်ပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေအားလုံးဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သုံးနှုန်းတဲ့ “ဖက်ဒရယ်ဒီမိုကရေစီ” ဆိုတဲ့အသုံးအနှုန်းကိုပြောင်းလဲအသုံးပြုခဲ့ပြီးဖြစ်ပေမဲ့ စစ်ကောင်စီဥက္ကဋ္ဌက အရင်အတိုင်းပဲ သူ့ရဲ့မူကိုကိုင်စွဲထားတာကို တွေ့ရပါတယ်။
ဒီအသုံးအနှုန်းတွေဟာ အပေါ်ယံကြည့်ရင်အရေးမကြီးဘူးလို့ ထင်ရပေမဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကိုယ်ရဲ့ပြိုင်ဘက် ဒါမှမဟုတ် ကိုယ်နဲ့ဆွေးနွေးရမယ့်သူကို အကြမ်းဖက်လို့ သုံးနှုန်းတာ၊ နိုင်ငံရေးအရ အရေးပါတဲ့စကားလုံးကို အလျှော့မပေးတာဟာ နိုင်ငံရေးနည်းလမ်းအတွက် အဖြေရှာဖို့တွေ့ဆုံဆွေနွေးလိုတာမျိုးမရှိဘူးဆိုတာကို ပြသနေပါတယ်။
ကိုယ်နဲ့နိုင်ငံရေးနည်းလမ်းအဖြေရှာမယ့်တူကို တန်းတူရည်တူသဘောထားပြီး အလျှော့အတင်းပြုလုပ်နိုင်မှသာ တွေ့ဆုံဆွေးနွေးတဲ့အခါ ပြဿနာတစ်ခုရဲ့အဖြေကိုအတူတကွ ဝိုင်းဝန်ရှာဖွေဖြေရှင်းနိုင်မှာပါ။
စစ်ကောင်စီဥက္ကဋ္ဌက ရွာမီးရှို့၊ လူသတ်၊ လူနေထူထပ်တဲ့ဒေသတွေမှာ အတားအဆီးမရှိ ပြုလုပ်နေတာဟာ တော်လှန်ရေးအဖွဲ့တွေကြောင့်ဖြစ်တယ်လို့ အပြစ်ပုံချထားတာကိုလည်း သူ့ရဲ့မိန့်ခွန်းမှာတွေ့နိုင်ပါတယ်။
တော်လှန်ရေးအဖွဲ့တွေ စစ်ရေးဖော်ဆောင်ရင် ဒေသခံတွေရဲ့နေအိမ်တွေပါမကျန် အကုန်ဖျက်ဆီးပစ်မှာဖြစ်ပြီး အဲဒီအတွက် တာဝန်ရှိတာက တော်လှန်ရေးအဖွဲ့တွေပဲ လို့ ဆိုလိုတာပါ။
၂၀ ရာစုနှောင်းပိုင်းကနေ ၂၁ ရာစုရဲ့ ဒုတိယဆယ်စုနှစ်လောက်အထိ ပြည်နယ်တွေမှာတလှည့်စီ စစ်ရေးဖော်ဆောင်နေတဲ့ စစ်ကောင်စီတပ်ဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ ကျေးရွာတွေ၊ သမိုင်းကြောင်းအရ အရေးပါတဲ့ အထင်ကရနေရာတွေအပြင် ရိုးရာဓလေ့အရတန်ဖိုးထားတဲ့နေရာတွေကို နိုင်ထက်စီးနင်းဖျက်စီးတာတွေ၊ ဗမာမှုပြုတာတွေ အများအပြားရှိခဲ့တာပါ။
ဒီလို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ လုပ်ရပ်တွေကို ရာစုနှစ်တစ်ဝက်နီးပါးပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံလူထုတွေရဲ့ နေအိမ်သောင်းနဲ့ချီမီးရှို့တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေအပြင် လက်နက်ကြီးရမ်းသမ်းပစ်လို့ ဒေသခံတွေအသက်ဆုံးရှုံးရတာတွေ ဒုနဲ့ဒေးပါ။
ဒါတွေအားလုံးအတွက် ကျူးလွန်သူ စစ်ကောင်စီတပ်က တာဝန်မရှိဘဲ တော်လှန်နေတဲ့အဖွဲ့တွေမှာသာ တာဝန်ရှိသယောင် နစကဥက္ကဋ္ဌက အပြစ်ပုံချပါတယ်။
မိန့်ခွန်းရဲ့နောက်ထပ်အရေးကြီးတဲ့အချက်က “အမျိုးသားရေးလုပ်ငန်းသုံးရပ်ကို အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကို တည်ဆောက်ပေးထားခြင်း” ဆိုတဲ့ အချက်ဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေကို နောက်ဆုံးခံတပ်အနေနဲ့ကိုင်စွဲထားပြီး ဒီအခြေခံဥပဒေကနေတဆင့် နိုင်ငံတော်ကိုတာဝန်ယူပေးထားသလို၊ သူသာလျင် ကျေးဇူးရှင်ဆိုတဲ့ပုံစံမျိုးကို မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပြည်သူလူထုရဲ့မဲကို လိမ်လည်ကြေညာပြီး လူထုကပဲထောက်ခံသလိုလိုပုံဖော်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေဟာ ပြည်သူလူထုက လက်မခံတဲ့ အမျိုးသားရေးအစွန်းရောက်အခြေခံဥပဒေဖြစ်ပေမဲ့ စစ်ကောင်စီတပ်က တွေ့ဆုံဆွေးနွေးရေးတွေလုပ်ဖို့ ဆန္ဒရှိရင်တောင် ၂၀၀၈ အခြေခံဥပဒေကနေ သွေဖြည်သွားမှာ မဟုတ်ဘူးလို့ ဆိုလိုတယ်လို့ သုံးသပ်နိုင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ “မလုပ်ရဲတာဘာမှမရှိဘူး” လို့ ကြွေးကြော်ခဲ့တဲ့အတိုင်း တိုင်းပြည်ဟာအမှောင်ကမ္ဘာထဲ စောက်ထိုးကျနေဆဲဖြစ်ပေမဲ့ ဆက်လက်ပြီး မိုက်တွင်းနက်နေဦးမယ်ဆိုတာကို သူ့ရဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မိန့်ခွန်းမှာ အတိအလင်းတွေ့နိုင်ပါတယ်။
အချုပ်အနေနဲ့ဆိုရရင် စစ်ကောင်စီဥက္ကဋ္ဌရဲ့ နိုင်ငံရေးအရအဖြေရှာတယ်ဆိုတာ လက်နက်ချပြီး ၂၀၀၈ အခြေခံဥပဒေအောက်ဝင်ရေးသာဖြစ်ပါတယ်။
ဆောင်းပါးရှင် – သက်ပိုင်စိုး